ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၁နဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ကို အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ သမိုင်းဝင် အောင်ပွဲမှာ အရေးပါခဲ့တဲ့ ကစားသမားဟာ အသင်းရဲ့ အယ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ် ဖြစ်ပြီး မာရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲမှာ အသင်းအတွက် သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သူပါ။

Photo Credit: Marca

မာရက်ဇ်ဟာ ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်စီးတီးအသင်းရဲ့ ပရိသတ်တွေဟာ မာရက်ဇ်ကို အသင်းရဲ့ ချန်ပီယံလိဂ် သူရဲကောင်းအဖြစ် ချီးကျူးနေကြကာ မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာကလည်း ပွဲပြီးအင်တာဗျူးမှာ မာရက်ဇ်ဟာ အံ့မခန်း ကစားသမားတဦး ဖြစ်ကာ ပွဲကြီးပွဲကောင်းတွေမှာ အစွမ်းပြနိုင်တဲ့ ကစားသမားလို့ ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

Photo Credit: Marca

မာရက်ဇ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “ရီယက် (မာရက်ဇ်)ဟာ အံ့မခန်း ကစားသမား တဦးပါ။ သူ့မှာ ကြီးမားတဲ့ ပါရမီရှိတယ်။ မြင့်မားတဲ့ အရည်အသွေး ရှိတယ်။ အထူးသဖြင့် သူဟာ ပွဲကြီးတွေ အတွက် အမြဲတမ်း အသင့် ဖြစ်နေတဲ့ ကစားသမားတဦးပါ။ ကျွန်တော်တို့ဟာ သူ့ရဲ့ အရည်အသွေးကို ကောင်းကောင်းကြီး သိပါတယ်။ သူက အရမ်းကို ကောင်းမွန်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒီလို အဆင့်မျိုးမှာ ကစားသမားတွေကို ကြီးမားတဲ့ စမ်းသပ်မှုတွေကို သူတို့က ဘယ်လို ဖြတ်ကျော်တတ်လဲ ဆိုတဲ့ အချက်နဲ့ပဲ သူတို့ရဲ့ အရည်အသွေးကို ဆန်းစစ်နိုင်တာပါ။ သူက ပွဲကြီးတွေကို မြတ်နိုးတယ်။ ပွဲကြီးတွေ ကစားရရင် ပျော်ရွှင်တတ်ပါတယ်။ သူ့ရဲ့ ညာခြေနဲ့ သွင်းတဲ့ ပထမသွင်းဂိုးဟာ ကောင်းမွန်တဲ့ သွင်းဂိုးတဂိုးပါ။ ပြီးတော့ ဒုတိယဂိုးကို အဆုံးသတ်ခဲ့တာကလည်း ကောင်းပါတယ်။ နှစ်ကျော့ပေါင်း ၃ဂိုးသွင်းခဲ့တဲ့ သူဟာ ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။