ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ယမန်နေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ လက်စတာ စီးတီးအသင်းရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို သဘောကျကြောင်း ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်၁၉ အဖြစ် လက်စတာ စီးတီးကို အိမ်ကွင်း အီတီဟတ်ကွင်းထဲမှာ ဧည့်ခံ ကစားခဲ့ရာ ၆-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ရဲ့ ရာသီဝက် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းဟာ ပွဲအစ ၂၅မိနစ် အတွင်းမှာပဲ လက်စတာ စီးတီးဘက်ကို ၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်မှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးအသင်းက ဂိုးပြတ်နိုင်ပွဲ တပွဲကို အလွယ်တကူ ရရှိသွားလိမ့်မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဧည့်သည် လက်စတာ စီးတီးအသင်းဟာ ၄ဂိုးပြတ် ရှုံးနိမ့်နေသည့်တိုင် သူတို့အသင်းရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲအစ ၂၀မိနစ် အတွင်းမှာတင် မန်ချက်စတာ စီးတီးဘက်ကို ၃ဂိုးအထိ ပြန်လည် သွင်းယူကာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ သရေတမှတ် ပိုင်ဆိုင်ရဖို့ နီးစပ်ခဲ့ရပါတယ်။

Photo Credit: Daily Mail

၄-၃ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပွဲကို အပြောင်းအလဲ ဖြစ်စေမယ့် နည်းစနစ်ပိုင်း ပြောင်းလဲမှု တချို့ကို ပြုလုပ်ခဲ့ပြီး ဂွာဒီယိုလာရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု ၊ မန်ချက်စတာ စီးတီး ကစားသမားတွေရဲ့ အတွေ့အကြုံ ကြွယ်ဝမှုတွေကြောင့်ပဲ မန်ချက်စတာ စီးတီးအသင်းဟာ နောက်ထပ် ဦးဆောင်ဂိုး တဂိုးကို ခပ်မြန်မြန်ပဲ ရရှိခဲ့ကာ ၆-၃ ဆိုတဲ့ ရလဒ်နဲ့ လက်စတာ စီးတီးအသင်းကို ဂိုးပြတ်နိုင်ခဲ့ပါတယ်။

လက်စတာ စီးတီးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရပေမယ့် သူတို့အသင်းရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ပိုင်းက အတော်လေးကို ချီးကျူးဖို့ ကောင်းပြီး ဂွာဒီယိုလာကလည်း လက်စတာ စီးတီးအသင်းဟာ သူတို့အသင်းကို ဒုက္ခပေးနိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဂွာဒီယိုလာက – “ဒီပွဲက Boxing Dayပွဲပါ။ ဒီပွဲက ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးနိုင်ခဲ့သလို အနိုင် ၃မှတ် ရရှိခဲ့လို့လည်း ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အချင်း ပြည့်ဝမှု ၊ ဂိုးသွင်းယူနိုင်မယ့် အချိတ်အဆက်တွေကို နည်းစနစ်ပိုင်း ပိုင်နိုင်မှု မရှိတဲ့ နည်းပြတဦး ဆိုရင် ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် လက်စတာအသင်း ကတော့ ဒါကို လုပ်ပြသွားပါတယ်။ သူတို့က ပထမပိုင်းမှာ ၄-၀နဲ့ ရှုံးနေခဲ့တာတောင် ဘောလုံးရတိုင်း ကျွန်တော်တို့အသင်းရဲ့ ဂိုးဧရိယာ အထိ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူတို့က တကယ့်ကို တန်ပြန်တိုက်စစ် ကောင်းမွန်တဲ့ အသင်းတသင်းပါ။ ဒုတိယပိုင်း ရောက်ချိန်မှာတော့ သူတို့အသင်းရဲ့ ကစားပုံက ပြောင်းလဲသွားသလို ပွဲကလည်း ကျွန်တော်တို့ အတွက် အတော်လေးကို အန္တရာယ် ရှိတဲ့ အခြေအနေမျိုး အထိ ရောက်သွားခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံက မကောင်းခဲ့တာ မဟုတ်ပါဘူး။ တဖက်အသင်းရဲ့ ကောင်းမွန်တဲ့ ကစားပုံကြောင့်သာ ပွဲက မပြီးခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။