ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းနဲ့ ရာသီသစ် အဖွင့်ပွဲမှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်းဟာ သူ့ရဲ့ တပည့်ကျော် လီယွန်နယ် မက်ဆီလိုပဲ ဆာလောင်စိတ် ပြင်းထန်တဲ့ ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁) အဖြစ် ကစားရခက်တဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပေမယ့် တိုက်စစ်မှူးသစ် ဟာလန်းရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ လွယ်ကူတဲ့ နိုင်ပွဲ ၁ပွဲကို ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက လီဗာပူးနဲ့ ကစားခဲ့ရတဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ အသင်းဖော်သစ်တွေနဲ့ ပိုမို အတွဲညီလာသလို သူ့ရဲ့ လျင်မြန်တဲ့ ပြေးအား ၊ တိုးအားနဲ့ အဆုံးသတ် တိကျမှုတို့ကြောင့်ပဲ သွင်းဂိုး ၂ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဂွာဒီယိုလာက အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဟာလန်းကို သူ့ရဲ့ တပည့်ကျော် လီယွန်နယ် မက်ဆီနဲ့ ခိုင်းနှိုင်းကာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ဟာလန်းဟာ မက်ဆီလိုပဲ သွင်းဂိုးတွေကို အမြဲတမ်း ဆာလောင်နေတတ်သူလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာက – “ဟာလန်းရဲ့ စတိုင်ကို သဘောကျပါတယ်။ ကျွန်တော်က သူ့ရဲ့ သွင်းဂိုးတွေကို ဆာလောင်တဲ့ စိတ်ဓာတ်ကို ကြိုက်ပါတယ်။ ကျွန်တော်က ကံကောင်းစွာနဲ့ပဲ မက်ဆီလို ကစားသမားမျိုးကို နည်းပြခွင့် ရခဲ့ပါတယ်။ မက်ဆီက ၂ဂိုး သွင်းနိုင်နေရင် ၃ဂိုး သွင်းချင်တယ်။ ၃ဂိုး သွင်းနိုင်နေရင် ၄ဂိုး သွင်းချင်တဲ့ ကစားသမားမျိုးပါ။ ဟာလန်းကလည်း မက်ဆီလိုပါပဲ။ ထိပ်တန်း တိုက်စစ်မှူးတွေက ဘယ်တော့မှ ကျေနပ်တယ် ဆိုတာမျိုး မရှိပါဘူး။ သူတို့က အမြဲတမ်းလိုလို သွင်းဂိုးတွေကို ဆာလောင်တယ်။ ပြီးတော့ ဂိုးတွေ ပိုသွင်းနိုင်ဖို့ကို မျှော်လင့်နေတတ်တဲ့ လူစားမျိုးတွေပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးကရော အာလင်း ဟာလန်းက ဒီရာသီမှာ မန်ချက်စတာ စီးတီးအတွက် ဘယ်နှဂိုးလောက် သွင်းယူပေးနိုင်မယ်လို့ ထင်ကြလဲဗျ…?