ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယမြောက် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို မြေမကျကန်ချက်နဲ့ လှလှပပ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ဂန္တဝင် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ယိုဟန် ခရိုက်ဖ် ၊ အီဘရာဟီမိုဗစ်တို့နဲ့ ခိုင်းနှိုင်းကာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ယခုနှစ် ချန်ပီယံလိဂ် ဘောလုံးရာသီမှာ ဒေါ့မွန် ၊ ကိုပင်ဟေဂင် ၊ ဆီဗီးလားတို့နဲ့ တအုပ်စုထဲ ကျရောက်နေတဲ့ မန်ချက်စတာ စီးတီးက အုပ်စုအဖွင့်ပွဲ အဖြစ် ဆီဗီးလားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒုတိယပွဲ အဖြစ် ဒေါ့မွန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာမှာလည်း နောက်ကျသွင်းဂိုးတွေနဲ့အတူ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ဒေါ့မွန်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားခဲ့ပေမယ့် ဦးဆောင်ဂိုးကို စတင် ရရှိသွားခဲ့တဲ့ အသင်းဟာ ဒေါ့မွန် ဖြစ်ခဲ့ပြီး မန်ချက်စတာ စီးတီးကတော့ ဗဟိုခံစစ်မှူး ဂျွန်စတုန်းရဲ့ ပွဲချိန် ၈၀မိနစ်မှာ သွင်းယူခဲ့တဲ့ နောက်ကျချေပဂိုး ၊ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ပွဲချိန် ၈၄မိနစ်မှာ သွင်းယူခဲ့တဲ့ နောက်ကျ အနိုင်ဂိုးတို့ကြောင့်သာ နိုင်ပွဲ ရရှိသွားခဲ့တာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့အသင်း အတွက် အနိုင်ဂိုးအား ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘောအား မြေမကျကန်ချက်နဲ့ သွင်းယူပေးခဲ့တဲ့ အာလင်း ဟာလန်းကို အထူးတလည် ချီးကျူး ထောပနာ ပြုသွားခဲ့ပြီး ဟာလန်းရဲ့ သွင်းဂိုးဟာ သူ့ရဲ့ ဆရာရင်း ယိုဟန် ခရိုက်ဖ်ရဲ့ နာမည်ကျော် “သရဲဂိုး”နဲ့ ဆင်တူကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Standard

ဂွာဒီယိုလာက – “ကျွန်တော့်အကြောင်းကို ကောင်းကောင်း သိတဲ့ လူတွေက ယိုဟန် ခရိုက်ဖ်ဟာ ကျွန်တော့်အပေါ်မှာ ဆရာတဦး အနေနဲ့ ၊ ပုဂ္ဂိုလ်တဦး အနေနဲ့ ၊ နည်းပြတဦး အနေနဲ့ ၊ သင်ကြားသူ တဦးအနေနဲ့ လွှမ်းမိုးမှု ရှိခဲ့တယ် ဆိုတာ သိကြပါတယ်။ ဟာလန်းရဲ့ သွင်းဂိုးကလည်း လွန်ခဲ့တဲ့ နှစ်များစွာက ယိုဟန် ခရိုက်ဖ် တယောက် အက်သလက်တီကို မက်ဒရစ်ဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ အတော်လေးကို ဆင်တူခဲ့တာပါ။ ဟာလန်း ဂိုးသွင်းလိုက်တဲ့ အချိန်မှာပဲ ကျွန်တော်က ခရိုက်ဖ်ကို အရင်ဆုံး သတိရသွားခဲ့ပါတယ်။ ဟာလန်းရဲ့ သွင်းဂိုးက ခရိုက်ဖ်ရဲ့ သွင်းဂိုးနဲ့ ဆင်တူသလို အတော်လေးလည်း လှပါတယ်။ ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘောကလည်း အတော်ကို ကောင်းခဲ့ပါတယ်။ ကန်ဆယ်လိုက အဲ့ဒီလိုမျိုး ဖြတ်တင်ဘောတွေ လုပ်ဆောင်နိုင်တဲ့ အရည်အမျိုး ပိုင်ဆိုင်ထားတဲ့သူပါ။ ကန်ဆယ်လို ပေးပို့တဲ့ ဖြတ်တင်ဘောတိုင်းက ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ ဒါက သူ့ရဲ့ ပင်ကိုယ်ပါရမီပါပဲ။ သူက အရမ်းကောင်းတဲ့ ပေးပို့မှုကို လုပ်ဆောင်နိုင်ခဲ့သလို ဟာလန်းရဲ့ အဆုံးသတ်ကလည်း ပြိုင်ဘက်ကင်းပါပဲ” လို့ ပြောကြားကာ ဟာလန်းရဲ့ သွင်းဂိုးအား ချီးကျူးသွားခဲ့တာပါ။

ဒါ့အပြင် ဂွာဒီယိုလာက ဟာလန်းဟာ သူ့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ အီဘရာဟီမိုဗစ်ရဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို ဆက်ခံထားသူ ဖြစ်ကြောင်းလည်း ချီးကျူးသွားခဲ့ပါသေးတယ်။ ဂွာဒီယိုလာက – “ဟာလန်းရဲ့ သွင်းဂိုးကို မြင်လိုက်ရပြီးတဲ့နောက် ကျွန်တော်က ကျွန်တော့်ရဲ့ မိတ်ဆွေ အီဘရာဟီမိုဗစ်ကို ပြေးမြင်မိတော့တာပါပဲ။ မိုဗစ်ကလည်း လေထဲမှာ အဲ့ဒီလိုမျိုး သွင်းဂိုးတွေကို သွင်းယူနိုင်စွမ်း ရှိသူပါ။ ဒါကို ခင်ဗျားတို့လည်း သိကြပါတယ်။ ဟာလန်းကလည်း မိုဗစ်လိုမျိုး အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။ ဟာလန်းရဲ့ ခန္ဓာကိုယ်က ပျော့ပြောင်းတယ်။ ပြီးတော့ လိုအပ်သလို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ဟာလန်းက ထိချက်ကောင်းကောင်းနဲ့ ဘောလုံးကို ဂိုးပိုက်နဲ့ မိတ်ဆက် ပေးနိုင်စွမ်းလည်း ရှိပါတယ်။ အခုတော့ ဟာလန်းက ပိုပြီး ရင့်ကျက်လာပြီလို့ ထင်ပါတယ်” ဆိုပြီး ဟာလန်းကို ထပ်မံ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။