ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ပဲ့ကိုင်ရှင် ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖီးလ် ဖိုဒန်ဟာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်နေပြီလို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်( ၂၆) အဖြစ် နောက်ပိုင်းပွဲတွေမှာ ခြေစွာနေတဲ့ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ဂွာဒီယိုလာက အဆိုပါပွဲမှာ အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကာ ဖိုဒန်ကတော့ ဟာလန်းရဲ့ အနောက်မှာ နောက်ချန်တိုက်စစ်မှူး အဖြစ် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ မန်ချက်စတာ စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူကာ ဘုန်းမောက်ကို ဖိအားပေး ကစားဖို့ ကြိုးစားခဲ့သလို ဘုန်းမောက်ကလည်း အိမ်ရှင်ပရိသတ်အားနဲ့ ရရင် ရသလို တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ပွဲချိန် ၂၄မိနစ်မှာ ဖိုဒန်က ရလာတဲ့ အပိုင်အခွင့်အရေးကို အကောင်းဆုံး ပိတ်သွင်းကာ စီးတီးအတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဘုန်းမောက်က ချေပဂိုးတွေ ပြန်ရဖို့ မန်ချက်စတာ စီးတီးဘက်ကို တရစပ် တိုက်စစ်ဆင်ခဲ့ပေမယ့် စီးတီးရဲ့ မာကျောကျစ်လျစ်တဲ့ ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ စီးတီးကို ဒူးထောက် အရှုံးပေးခဲ့ရပါတယ်။ ဖိုဒန်ကတော့ စီးတီးအတွက် အနိုင်ဂိုး ၁ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အခွင့်အရေး ဖန်တီးမှု ၄ကြိမ် ၊ ဂိုးပေါက် ကန်သွင်းခွင့် ၄ကြိမ် လုပ်နိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဘုန်းမောက် ၀-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ ဂွာဒီယိုလာက အသင်းအတွက် အနိုင်ဂိုးကို သွင်းပေးရုံသာမက ပွဲစပွဲဆုံး စိတ်နှစ်ကာ အကောင်းဆုံး ပေးဆပ် ကစားသွားခဲ့တဲ့ ဖိုဒန်ဟာ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်နေပြီလို့ ချီးကျူးထောပနာ ပြုသွားခဲ့ပါတယ်။

Photo Credit: Euro Sports

ဂွာဒီယိုလာက – “ဒီပွဲမှာ ဖိုဒန်ရဲ့ သွင်းဂိုးက အရေးပါခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးကို ဖယ်လိုက်ရင်တောင် ဖိုဒန်က အကောင်းဆုံး ကစားနိုင်ခဲ့တယ် ဆိုတာကို ငြင်းလို့ မရပါဘူး။ သူ့ရဲ့ ဘောလုံးထိန်းကစားပုံနဲ့ အရှိန်အဟုန်မြင့် ကစားဟန်တွေက အတော်လေး ကောင်းပါတယ်။ ဖိုဒန်က ထိပ်တန်း ကစားသမား တယောက် ဖြစ်နေပါပြီ။ ဖီးလ်က ကောင်လေး တယောက် ကနေ ကမ္ဘာ့အဆင့် ဘောလုံးသမား တဦး ဖြစ်လာခဲ့ပါပြီ။ သူက အရမ်းကောင်းပါတယ်။ ပြီးတော့ နေရာစုံမှာလည်း ကစားနိုင်စွမ်း ရှိတယ်။ အထူးသဖြင့် အသင်းရဲ့ ဗဟိုချက်မှာ ကစားရတိုင်း သူ့ရဲ့ ခြေစွမ်းတွေက အရမ်း အရမ်း ကောင်းတတ်ပါတယ်” လို့ ပြောကာ ဖိုဒန်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဖိုဒန်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။