လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အသင်းရဲ့ တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ်ကြယ်ပွင့် ဖီးလ်ဖိုဒန်ဟာ ထူးခြားတဲ့ ကစားသမား တဦး ဖြစ်ကြောင်း ပွဲအပြီးမှာပဲ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဖီးလ် ဖိုဒန်ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ မွေးထုတ်ပေးခဲ့တဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Sky Sports

ဖိုဒန်ဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက် တချို့ကြောင့် မန်ချက်စတာ စီးတီးအသင်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တချို့မှာ အရန်ခုံ၌သာ ထိုင်ခဲ့ရပေမယ့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၀-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့သလို အသင်းရဲ့ အနိုင်ဂိုးကိုလည်း ပွဲကစားချိန် ၁၈မိနစ်မှာပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ၀-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းက ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့ပေမယ့် ယခင် ပြသနေတဲ့ ခြေစွမ်းကောင်းမျိုး ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဖိုဒန်ရဲ့ အဖိုးတန် သွင်းဂိုးကြောင့်သာ နိုင်ပွဲဆက်ခဲ့ရတာပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက အနိုင်ဂိုးရှင် ဖိုဒန်ရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပြီး ဖိုဒန်ဟာ ထူးခြားတဲ့ ကစားသမား တဦး ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဖိုဒန်က ထိပ်တန်း ဘောလုံးသမား တယောက် ဖြစ်နေပါပြီ။ ကျွန်တော်တို့က သူ့ရဲ့ အရည်အသွေးနဲ့ ပတ်သတ်ပြီး တခါမှကို သံသယ မဝင်ခဲ့ဖူးပါဘူး။ သူက ကျွန်တော်တို့အသင်းနဲ့ စပြီး ကစားထဲက ထူးခြားတဲ့ အရည်အသွေးတွေကို ပြသထားနိုင်သူပါ” လို့ ချီးကျူးသွားခဲ့တာပါ။