မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်တဲ့ ဖေးလ် ဖိုဒန် ဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီး အသင်း နဲ့ ပွဲစဉ်မှာ ကိုယ်တိုင် တစ်ဂိုး သွင်းယူပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ကာ မန်စီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာ ရဲ့ ချီးကျုးမှုကို ခံခဲ့ရပါတယ်။ လူငယ် ကစားသမား ဖေးလ်ဖိုဒန် ကလည်း နည်းပြ ဂွာဒီယိုလာကို ပါရမီရှင် တစ်ဦးလို့ ‌ပြန်လည် ချီးကျုး ပြောဆိုခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမား ဖိုဒန် ဟာ အီကိုင်း ဂန်ဒိုဂန် ရဲ့ အဖွင့်ဂိုး ကိုလည်း ဖန်တီးပေးနိုင်ခဲ့သလို နောက် ၁၅၇ စက္ကန့်အကြာမှာ ဒီဘရိုင်း ပေးပို့လိုက်တဲ့ ဘောလုံးကို အကောင်းဆုံး အသုံးချ ကာ မန်စီးတီး အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဖေးလ်ဖိုဒန် ဟာ ဂျာမိန်း ဒီဖိုး ပြီးရင် ချယ်လ်ဆီး အသင်း နဲ့ ရင်ဆိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတည်းမှာ ဂိုးသွင်းယူတာကော၊ ဂိုးဖန်တီးတာကော ပြုလုပ်နိုင်တဲ့ ဒုတိယမြောက် အသက် အငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ခြေစွမ်းကောင်းတွေကြောင့် ပွဲအပြီးမှာ နည်းပြ ဂွာဒီယိုလာက ဖိုဒန် ကို အခုလိုပဲ ချီးကျုးခဲ့ပါတယ်။ “ ကျွန်တော် သူ့အတွက် အတော်လေး ဂုဏ်ယူမိတယ်ဗျာ။ သူ တစ်ပွဲလုံး ကစားအား တစ်စက်လေးမှ မလျှော့ခဲ့ဘူး။ သူ ရှေ့တန်း လေးနေရာလုံးမှာ ကစားနိုင်ခဲ့တယ်။ သူ့မှာ ရည်မှန်းချက်ရှိတယ်၊ သူ ထူးဆန်းတဲ့ သွင်းဂိုး တစ်ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ သူ့ကို မယုံနိုင်လောက်အောင် အားကိုးခဲ့ရပါတယ်။ အင်္ဂလန် အသင်းအတွက်ဆိုရင်လည်း သူက ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်နေအုန်းမှာပါ။ ဘာလို့လဲဆိုရင် သူက လုံးဝတော်ပြီးတော့ ကစားပုံတည်ငြိမ်လို့ပါ။ သူ နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပြန်ပါပြီ ” လို့ ချီးကျုးခဲ့ပါတယ်။

Photo Credit: Standard

ဖေးလ်ဖိုဒန်ဟာ အခုချိန်မှာ မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုးမှာ ပါဝင် ပတ်သက် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်သူ ပေါလ်စခိုး ရဲ့ အသက် ၂၀ အရွယ်တုန်းက စွမ်းဆောင်ရည်ထက်ကို များပြားနေပါတယ်။ ဖိုဒန် ဟာ ‌ချယ်လ်‌ဆီး အသင်း နဲ့ ပွဲစဉ်မှာ ဘောလုံးပေးပို့မှုပေါင်း ၁၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးတော့ အခွင့်အရေး ဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ ပမာဏဟာ ကွင်းအတွင်းမှာ ရှိတဲ့ အခြားသော ကစားသမားတွေထက် ပိုမို များပြားတဲ့ ပမာဏလည်း ဖြစ်ခဲ့ပါတယ်။ ဖေးလ်ဖိုဒန် ကတော့ အခုလို နိုင်ပွဲရရှိခဲ့တဲ့ အတွက် ပျော်ရွှင်လျက် ရှိနေပြီးတော့ နည်းပြဖြစ်သူ အပေါ်ကို အခုလိုပဲ ချီးကျုးခဲ့ပါတယ်။ “ ဒီလို ပွဲကြီးပွဲကောင်းတွေ ကစားရတဲ့ အခါမျိုးမှာဆိုရင် ကျွန်တော်တို့မှာကောင်းတဲ့ နည်းစနစ်တွေ အမြဲတမ်း ရှိတယ်။ ပပ်က ဒီလိုကိစ္စမျိုးတွေမှာ ပါရမီရှင်ပါ။ ခင်ဗျားပြောတဲ့ အတိုင်းပဲ၊ ကျွန်တော်တို့ အမှန်ကန်ဆုံး နည်းလမ်းနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့တာပဲ ” လို့ ပြောဆိုခဲ့ပါတယ်။