ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းကို ကမ္ဘာ့အဆင့် ကစားသမားလို့ ခေါင်းစဉ်တပ်ကာ ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိတဲ့ အသင်းက ချန်ပီယံဆု အတွက် ခြေတလှမ်း အသာရဖို့ ရှိနေကာ ယမန်နေ့ညမှာတော့ မန်ချက်စတာ စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး အနေအထားကို ရောက်ရှိလာပါတယ်။

Photo Credit: Mirror

မန်ချက်စတာ စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် အိမ်ရှင် မန်ချက်စတာ စီးတီးအသင်းက ဂိုးသွင်းခွင့်တွေ ပိုမို ရရှိခဲ့သလို အသင်းခေါင်းဆောင် ဒီဘရိုင်းက ပွဲကစားချိန် မိနစ် ၇၀မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီး နည်းပြ ပပ် ဂွာဒီယိုလာက အနိုင်ဂိုးရှင် ကယ်ဗင် ဒီဘရိုင်းကို ကမ္ဘာ့အဆင့် ကစားသမား အဖြစ် ချီးကျူးသွားခဲ့သလို ဒီဘရိုင်းရဲ့ အသင်းအပေါ် လွှမ်းမိုးမှုက ဘယ်လိုရှိလဲ ဆိုတာကိုပါ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Mirror

ဂွာဒီယိုလာက – “မနေ့တုန်းကပဲ ကယ်ဗင်က အသင်းသားတွေကို စုပြီး ဒီနေ့ ဒီအချိန် အထိ ရထားတဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့ အားလုံး စုစည်းမှုကြောင့် ရထားတဲ့ အောင်မြင်မှုတွေလို့ မိန့်ခွန်း ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ ခြေစွမ်း ဒီထက်ပိုပြီး တိုးတက်လာအောင် တွန်းအားပေးဖို့ပဲ စဉ်းစားထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ကမ္ဘာ့အဆင့် ကစားသမား ဖြစ်နေလို့ပါ။ ကမ္ဘာ့အဆင့် ကစားသမား ဆိုတာ ကယ်ဗင် ဒီဘရိုင်းကို ပြောတာပါ” လို့ ပြောကြားသွားခဲ့တာပါ။