ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ လူတွေက သူ့ကို ကမ္ဘာ့အကောင်းဆုံးနည်းပြ လို့ တင်စားနေကြပေမယ့် မကြာသေးမီကမှ လိဒ်ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ဝါရင့် အာဂျင်တီးနား နည်းပြကြီး ဘီယဲလ်ဆာက သူ့ထက် ပိုကောင်းတဲ့ နည်းပြတဦးပါလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ထိပ်တန်း စပိန်လူမျိုး နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာဟာ သူ ကိုင်တွယ်တဲ့ အသင်းတိုင်းကို လှပတဲ့ ကစားဟန် သွတ်သွင်းပေးနိုင်သလို သူ့ရဲ့ အသင်းတွေက ဆုဖလားတိုင်းကို စိန်ခေါ်နိုင်စွမ်း အပြည့် ရှိတာကြောင့်ပဲ ဘောလုံးပရိသတ် အများစုက သူနဲ့ လီဗာပူးနည်းပြ ကလော့ပ်တို့ကို ကမ္ဘာ့အကောင်းဆုံး နည်းပြနှစ်ဦး အဖြစ် သတ်မှတ်ထားကြပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဂွာဒီယိုလာကတော့ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြ မဟုတ်သေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့သလို မကြာသေးမီကမှ လိဒ်ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနား နည်းပြကြီး ဘီယဲလ်ဆာက သူ့ထက် ပိုကောင်းကြောင်းလည်း ခိုင်မာတဲ့ အကြောင်းပြချက် တခု ပေးပြီး ပြောပြသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဘီယဲလ်ဆာက ကျွန်တော့်ထက် ပိုကောင်းတဲ့ နည်းပြတယောက်ပါ။ ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာသာ သူ့လက်ထဲ ရောက်သွားရင် သူက ကျွန်တော့်လိုပဲ ဆုဖလားတွေကို ရယူပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်သာ သူ့ရဲ့ လိဒ်ယူနိုက်တက်ကို ကိုင်တွယ်ရရင် ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်လာနိုင်မယ်တောင် မထင်ပါဘူး။ ဒါက လိဒ်ယူနိုက်တက်ရဲ့ ကစားသမားတွေကို မလေးစားတဲ့ သဘောမျိုးနဲ့ ပြောတာတော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၆၆နှစ် အရွယ် ဝါရင့် အာဂျင်တီးနား နည်းပြကြီး ဘီယဲလ်ဆာဟာ အာဂျင်တီးနား ၊ ချီလီ စတဲ့ ထိပ်သီး တောင်အမေရိက လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ဖူးသလို ဘီလ်ဘာအို ၊ မာဆေးလ် ၊ လိုင်လီ ၊ လာဇီယို စတဲ့ ဥရောပရဲ့ နာမည်ကြီးကလပ်တွေကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့် နည်းပြကောင်း တဦးပါ။