သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အပြင်းထန်ဆုံး ဒါဘီ ပွဲစဉ်တွေထဲက တစ်ခု အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို စနေနေ့ညက မန်ယူ အသင်းနဲ့ မန်စီးတီး အသင်းတို့ဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဘောလုံး ပရိသတ်အများစုက အရှုံးအနိုင် ရလဒ် တစ်ခုခု ထွက်ပေါ်လာနိုင်မလားဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပေမယ့် မန်ချက်စတာ နှစ်သင်းကတော့ သရေရလဒ်နဲ့ တစ်ယောက် တစ်မှတ်ဆီ ခွဲယူသွားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်မှာ နှစ်သင်းလုံးရဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီးတော့ ပွဲအပြီးမှာ အမျိုးမျိုးလည်း ဝေဖန်ခံခဲ့ရပါတယ်။ မန်စီးတီး အသင်းအနေနဲ့ အနိုင်သုံးမှတ် မရရှိခဲ့ပေမယ့်လည်း ခြောက်ပွဲဆက် ဂိုးမပေးရတဲ့ စံချိန်ကို ရရှိသွားပြီးတော့ ဂွာဒီယိုလာ အနေနဲ့ အသင်းရဲ့ ခိုင်မာမှုကို ချီးကျုးသွားခဲ့ပါတယ်။

Photo Credit: Metro

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက မန်ချက်စတာစီးတီး အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့ ဒါဘီပွဲစဉ်မှရလဒ်ကောင်းများကိုပြန်လည်စဉ်းစားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အဆိုပါ ပွဲစဉ်ရဲ့ အကောင်းဆုံးကစား ဆုရှင် မန်စီးတီး အသင်းရဲ့ ခံစစ်ကစားသမား ဂျွန်စတုန်းစ် ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ အနေအထားမှာ ရှိနေခဲ့ပေမယ့်လည်း စီးတီး အသင်းရဲ့ တိုက်စစ်ပိုင်းကတော့ အနည်းငယ်သာ လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဂျီယို အဂူရို ဟာ နေမကောင်းတာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိတာကြောင့် အဆုံးသတ်တွေမှာ အားနည်းခဲ့ပြီးတော့ ဂွာဒီယိုလာ အနေနဲ့ သူ့ရဲ့ အသင်းဟာ ယခုလက်ရှိထက် ပိုကောင်းအောင် ကြိုးစားသွားဖို့ လိုကြောင်းကိုလည်း ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

“ ကျွန်တော်တို့ မရှုံးနိမ့်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ဆင် လိုက်တာနဲ့ အခွင့်အရေးတွေ ရခဲ့တယ်။ ကစားပွဲရဲ့ အနေအထားရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ရုန်းကန် ခဲ့ရတယ်လို့ ဆိုရမယ်။ ဘာလို့လဲဆိုရင် သူတို့က ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အတော်လေးကောင်းတယ်။ ပြီးတော့ သူတို့ ကစားသမားတွေ လှုပ်ရှားပုံက အရမ်းလျင်မြန်ပါတယ်။ ခင်ဗျား အနေနဲ့ ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်။ ပထမပိုင်းမှာ ထောင့်ကန်ဘောကနေ ဗစ်တာ လင်ဒီလော့ဖ် က ဂိုးသွင်းလုနီးပါး အခြေအနေကို ကျွန်တော်တို့ ခွင့်ပြုပေးခဲ့ရတယ်။ သူတို့ အဲ့ဒါကလွဲရင် ကျန်တာဘာမှ အခွင့်အရေး ကြီးကြီးမားမား မရခဲ့ပါဘူး။ ကျွန်တော်တို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ အဲ့ဒါက ကောင်းတဲ့ အချက်ပါ။ ပျမ်းမျှပြောရမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ သူတို့ထက် ဂိုးသွင်းဖို့ အခွင့်အရေး ပိုများခဲ့ပါတယ်။ ‌ကစားပွဲက ကြပ်တည်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပြီးတော့ သရေ တစ်မှတ်က ကျွန်တော်တို့ အတွက် ကောင်းခဲ့တယ်လို့တောင် ဆိုရပါမယ်။ ကျွန်တော်တို့ အနေနဲ့ တိုက်စစ်ပိုင်းမှာ ဒီ့ထက် ပိုထက်မြတ်ဖို့ လိုနေသေးပါတယ်။ နောက်တစ်ကြိမ်မှာတော့ ဒီ့ထက် ပိုတိုးတက်အောင် ကစားသွားပါမယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။