ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့တိုက်စစ်စွမ်းဆောင်ရည်က မေးခွန်းထုတ်ချင်စရာကောင်းလောက်အောင် ကျဆင်းလို့ရှိနေပြီး သွင်းဂိုးတွေလည်း အရင်နှစ်ဘောလုံးရာသီကထက် နည်းပါးလို့နေပေမယ့် လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာတော့ တိုက်စစ်မှူးသစ်တွေကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် (၁၃)ပွဲ ကစားပြီးတဲ့နောက် စုစုပေါင်းသွင်းဂိုးအဖြစ် (၁၉)ဂိုးသာ ရယူထားနိုင်ခဲ့ပြီး ယခင်နှစ်က ဘောလုံးရာသီမှာ သွင်းယူထားတဲ့ ဂိုးအရေအတွက်ထက် (၁၈)ဂိုးအထိတောင် လျော့နည်းလျက် ရှိနေပါတယ်။ အသင်းရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်သူ ဆာဂျီယိုအဂွဲရိုးမှာလည်း ရာသီအစက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရလို ပြန်လည်သက်သာလာချိန်မှာလည်း တံကောက်ကြောဒဏ်ရာ ထပ်မံခံစားနေခဲ့ရလို့ နောက်ထပ်ပွဲအနည်းငယ်ကို ထပ်လွဲချော်ခဲ့ရပြန်ပါတယ်။

Photo Credit : Goal

အဂွဲရိုး ဒဏ်ရာရနေတဲ့အချိန်မှာ အသင်းအတွက် ပွဲထွက်ကစားခွင့်ရလာခဲ့တဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂါဘရီရယ်ဂျေဆူးမှာလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ဒီလို တိုက်စစ်ပိုင်းက စွမ်းဆောင်ရည်တွေ ကျဆင်းလို့နေပမယ့်လည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လာမယ့်စျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်တွေ ခေါ်ယူမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက “တိုက်စစ်မှူးသစ် ခေါ်ယူဖို့ကတော့ မလိုအပ်ဘူးလို့ပဲ ထင်ပါတယ်။ အသင်းရဲ့စီးပွားရေးအခြေအနေတွေအရလည်း စျေးကွက်အတွင်းမှာ ငွေကြေးသုံးစွဲဖို့က ခက်ခဲနိုင်တယ်။ ကလပ်အသင်းတိုင်းက စီးပွားရေးအခြေအနေတွေကြောင့် ရုန်းကန်နေရသလို ကျွန်တော်တို့အသင်းလည်း ဒီနည်းတူပါပဲ။ ဒါကြောင့် ကစားသမားသစ် ခေါ်ယူဖို့က မျှော်လင့်စရာ မရှိပါဘူး။ ဂိုးတွေမသွင်းယူနိုင်တာက အသင်းရဲ့စည်းချက်မမှန်မှုကြောင့် မဟုတ်ပါဘူး။ ဂိုးသွင်းယူဖို့အတွက် အရှိန်လျော့နည်းနေရုံပါ။ အသင်းသားတွေအနေနဲ့ကလည်း ဂိုးတွေများစွာ သွင်းယူနိုင်မယ့် အခြေအနေမျိုးကို ပြန်ရောက်လာအောင် စွမ်းဆောင်နေပါတယ်။ သွင်းဂိုးတွေဆိုတာ အသင်းတိုင်းအတွက် တကယ့်ကို ထူးခြားပြည့်စုံစေတဲ့ အရာမျိုးပါ။ ဒါပေမယ့် အသင်းအတွက်ကတော့ သွင်းဂိုးတွေထက် နိုင်ပွဲရဖို့က ပိုအရေးကြီးဆုံးပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။