MySport Myanmar

ဂရီးလစ်ရှ် အပါအဝင် ကစားသမား (၈)ဦးအထိ ရောင်းထုတ်ရန် ဂွါဒီယိုလာ စီစဉ်

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီထဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်တိုက် ကာကွယ်နိုင်ခြင်း မရှိတဲ့အပြင် ချန်ပီယံလိဂ်မှာလည်း စောစီးစွာ ထွက်ခွာခဲ့ရတာကြောင့် အသင်းကို အသစ်ပြန်လည် ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ကစားသမား (၈)ဦးအထိ ရောင်းထုတ်ဖို့ စီစဉ်နေပြီး ထိပ်ဆုံးမှာတော့ ဂျက် ဂရီးလစ်ရှ် ပါဝင်နေတယ်လို့ သိရပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဂရီးလစ်ရှ်အပြင် ကီဗင် ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ဂျွန် စတုန်းစ်၊ မာတေအို ကိုဗာဆစ်၊ အီလ်ကာ ဂွန်ဒိုဂန်၊ အီဒါဆင်နဲ့ ကိုင်လီ ဝေါ်ကာတို့လည်း ရောင်းထုတ်ခံရမယ့် စာရင်းထဲမှာ ပါဝင်နိုင်ဖွယ်ရှိပါတယ်။ ဒီအခြေအနေဟာ အီတီဟတ်ကွင်းမှာ အပြောင်းအရွှေ့တွေနဲ့ အလုပ်ရှုပ်တဲ့ နွေရာသီတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : Goal

မန်စီးတီးအသင်းဟာ ဂွါဒီယိုလာ လက်ထက်မှာ အင်္ဂလန်ဘောလုံးလောကရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်လာခဲ့ပေမယ့် ဒီနှစ်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရာမှာ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်မှာလည်း စောစောစီးစီး ပြုတ်သွားခဲ့ရတာကြောင့် အသင်းကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

ရောင်းထုတ်ခံရမယ့် ကစားသမားတွေထဲမှာ ဂရီးလစ်ရှ်မှလွဲပြီး ကျန်ကစားသမားအားလုံးဟာ အသက်(၃၀)နဲ့အထက် ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ကတော့ စက်တင်ဘာလမှာမှ အသက်(၃၀) ပြည့်မှာပါ။ မန်စီးတီးအသင်းဟာ ဇန်နဝါရီလမှာ အသက်(၂၆)နှစ်အောက် ကစားသမား (၄)ဦးကို ခေါ်ယူပြီး အသင်းရဲ့ အင်အားကို ဖြည့်တင်းဖို့ ကြိုးစားခဲ့ပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ ယူဆနေပုံရပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ league phase ကနေ ရှုံးထွက် ပလေးအော့အဆင့်ထိ ကစားရဖို့အတွက် နောက်ဆုံးပွဲအထိကို ခက်ခက်ခဲခဲ အဆုံးဖြတ်ခံယူခဲ့သလို ရှုံးထွက် ပလေးအော့မှာလည်း ချန်ပီယံလိဂ် သခင်ကြီး ရီးယဲလ် မက်ဒရစ်အသင်းကို နှစ်ကျော့လုံး ရှုံးနိမ့်ခဲ့ရလို့ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ကနေ အစောစီးဆုံး ထွက်ခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်ချက်မဲ့နေပြီး FA ဖလားတစ်ခုသာ ကျန်ရှိတာကြောင့် ရာသီကုန်အထိ အခက်အခဲများစွာ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒါ့အပြင် လာမယ့် တနင်္ဂနွေနေ့မှာလည်း အီတီဟတ်ကွင်းမှာ အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကို လက်ခံယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

Exit mobile version