အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်သလို ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ်ပါ အောင်ပွဲခံနိုင်ဖို့ နီးစပ်နေတဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့က ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ထက် ပိုမို ခက်ခဲကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပိန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ ပပ် ဂွာဒီယိုလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၅ဦး စာရင်းဝင် နည်းပြကောင်း တဦး ဖြစ်ပေမယ့် သူ့ရဲ့ အောင်မြေဖြစ်တဲ့ စပိန်နိုင်ငံကို စွန့်ခွာပြီးတဲ့နောက် ဥရောပ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခြင်း မရှိတော့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူပါ။

Photo Credit: Express

ဂွာဒီယိုလာက စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာကို ကိုင်တွယ်ခဲ့စဉ်မှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ၂ကြိမ် အထိ ရရှိခဲ့ပေမယ့် ဘာစီလိုနာကို စွန့်ခွာကာ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီး စတဲ့ ဥရောပ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ပြီးချိန်မှာတော့ ချန်ပီယံလိဂ် ဆုဖလားကို ထပ်မံ ရယူနိုင်ခြင်း မရှိတော့ပဲ ဘွန်ဒက်လီဂါ ဆုဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတို့ကို အကြိမ်ကြိမ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း ဂွာဒီယိုလာက မန်ချက်စတာ စီးတီးရဲ့ ကွက်လပ် တခုလို ဖြစ်နေတဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ရယူပေးနိုင်ခဲ့ခြင်း မရှိပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ရာသီဆက် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ အခြေအနေ ကောင်းနေပြီး ဗီလာနဲ့ ရာသီပိတ်ပွဲ အတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ထက် ပိုမို ခက်ခဲကြောင်း သူ့ရဲ့ ယူဆချက်တွေကို ရှင်းလင်း ပြောပြသွားခဲ့ပါတယ်။

Photo Credit: Express

ဂွာဒီယိုလာက – “ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ထက် ပိုမို ခက်ခဲပါတယ်။ ပွဲစဉ် ၃၈ပွဲစလုံးမှာ ရလဒ်ကောင်းတွေ ရယူပြီး ဗိုလ်စွဲနိုင်တာနဲ့ ၆ပွဲ ၊ ၇ပွဲလောက်ပဲ အနိုင်ရပြီး ဗိုလ်စွဲတာက အရမ်းကို ကွဲပြားပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဆိုရင် မတူညီတဲ့ အပတ်တွေ ၊ ပွဲစဉ်တွေ ၊ ဒဏ်ရာပြဿနာတွေ စတဲ့ ကိစ္စတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်က ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းချင်တာတော့ အမှန်ပါ။ ဒါပေမယ့် လိဂ်ချန်ပီယံ ဖြစ်ဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေး ပစ်မှတ်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။