MySport Myanmar

မန်စီးတီးက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း မဟုတ်ဘူးလို့ ဂွာဒီယိုလာ ပြောဆို

မန်စီးတီးအသင်းဟာ မနေ့ညက အိမ်ကွင်းအယ်တီဟတ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဘရန့်ဖိုဒ့်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ဘရန့်ဖိုဒ့်အသင်းနည်းပြ သောမတ်စ်ဖရန့်က မန်စီးတီးအသင်းက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့တဲ့အပေါ် မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ပွဲစဉ်မှာ မာရက်ဇ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဘရန့်ဖို့ဒ် ဂိုးသမားရဲ့ အမှားကနေတစ်ဆင့် သွင်းယူနိုင်ခဲ့တဲ့ ဒီဘရိုင်းနားရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုးပြတ် အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားမှာ ဒုတိယနေရာန့ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းကိုပါ (၁၂)မှတ် ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဘရန့်ဖို့ဒ်နည်းပြ ဖရန့်က သူရင်ဆိုင်ခဲ့ရတဲ့ အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးအသင်းဖြစ်တယ်လို့ ပြောဆိုလာခဲ့ခြင်းအပေါ် မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ ထင်မြင်ချက်ကို မေးမြန်းလာခဲ့ရာ ဂွာဒီယိုလာက “မဟုတ်ပါဘူး။ ငါတို့အသင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း မဟုတ်ပါဘူး”

Photo Credit : Daily Mail

“အကောင်းဆုံး အသင်းက ချယ်လ်ဆီးပါ။ သူတို့က ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားခဲ့ပါတယ်။ အကောင်းဆုံးအသင်းက ရေးဗားပလိတ်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ တောင်အမေရိကမှာ ဗိုလ်စွဲထားပါတယ်။ ဘယ်သူက အကောင်းဆုံးလဲဆိုတာတွေက ထင်မြင်ချက်တွေပါ။ အရေးကြီးတာကတော့ ငါတို့ အခုပွဲကို အနိုင်ရထားတယ်။ နောက်ပြီး လာမယ့် (၃)ရက်အတွင်းမှာ ကစားရမယ့် နောဝစ်ချ်နဲ့ပွဲကိုပါ ထပ်မံအနိုင်ရယူဖို့ပါပဲ။ ဒါကြောင့် ဒီလိုမျိုး မင်းက အကောင်းဆုံးပါပဲ ဆိုတာတွေကို ငါဂရုမစိုက်ဘူး။ ငါက ငါတို့တွေ ပျော်ရွှင်နေတာ နေ့တိုင်း ပိုကောင်းသထက် ကောင်းလာအောင် ကြိုးစားနေတာကိုပဲ ဖြစ်စေချင်တယ်။ ရာသီအကုန်မှာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ လီဗာပူးလ်က ကြားမှာ (၂)ပွဲကစားဖို့ ကျန်နေသေးတယ်။ အဲ့ဒါပြီးသွားရင် ငါတို့နှစ်သင်းကြား ဘယ်လောက်ကွာဟနေဦးမလဲဆိုတာ ကြည့်ရပါမယ်။ ရာသီပြီးဖို့ (၁၄)ပွဲအထိ ကစားဖို့ ရှိပါသေးတယ်။ ဒီနေ့လို ခက်ခဲတဲ့ ပွဲစဉ်တွေနဲ့လည်း ရင်ဆိုင်ရဦးမှာပါ။ အသင်းတိုင်းက ပြိုင်ဆိုင်မှု ပြင်းထန်နေကြတယ်။ ဒါပေမယ့် ဒီလိုနေရာမှာ ရမှတ်(၆၀)ထိ ရယူထားနိုင်ခဲ့တာကတော့ အထင်ကြီးစရာပါပဲ။ ငါတို့တွေ မယုံကြည်နိုင်လောက်အောင် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီနေ့ပွဲရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျေနပ်မိတယ်။ ဂိုးကန်ချက်နဲ့ ထောင့်ကန်ဘော အနည်းငယ်လေးသာ ခွင့်ပြုပေးခဲ့ရတယ်။ (၁၈)ကိုက်ထဲမှာ ကစားသမား(၁၀)ဦးနဲ့ ခံစစ်ကို Deep ကစားတဲ့အခါမှာတော့ ငါတို့အတွက် ခက်ခဲခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version