ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗစ်တာဖောင့် ဟာ ဂွာဒီယိုလာ အနေနဲ့ အသင်းကို နည်းပြ အဖြစ်နဲ့ ပြန်လာနိုင် ၊ မနိုင် ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ မန်စီးတီး နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ဘာစီလိုနာနဲ့ ပတ်သက်ပြီး ရေစက်ကုန်သွားပြီဖြစ်ကြောင်း ကို ရှင်းလင်းခဲ့ပါတယ်။ ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝမှာ ဘာစီလိုနာအသင်း ၊ ဘိုင်ယန်မြူးနစ် အသင်းနဲ့ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံး အချိန်တွေကိုတော့ ဘာစီလိုနာ အသင်းမှာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာ အသင်းထံကို ဒုတိယအကြိမ် ပြန်သွားမလား ဆိုတာကို ဘောလုံးပရိသတ်တွေက သိချင်နေကြပါတယ်။

Photo Credit: Marca

ဒီရာသီမှာ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီး အသင်းအနေနဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မာဆေးလ် အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ သိပ်ပြီး အားရစရာ ခြေစွမ်း ပြသနိုင်ခြင်း မရှိသေးဘူးဖြစ်ပါတယ်။ ဒါကြောင့် ဂွာဒီယိုလာက အခုချိန်မှာ မန်စီးတီးအသင်း အတွက်သာ အာရုံစိုက်နိုင်ထားပြီး ဘာစီလိုနာ ကို ပြန်သွားမလားဆိုတဲ့ မေးခွန်းတွေ အပေါ်ကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

Photo Credit: Marca

“ ကျွန်တော် ကြိမ်ဖန် များစွာ ပြောခဲ့ပြီးပါပြီ။ ကျွန်တော့်ရဲ့ ဘာစီလိုနာ နည်းပြ ဘဝ က ပြီးဆုံးသွားခဲ့ပါပြီ။ ဘာစီလိုနာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ဥပမာ ရော်နယ်ကိုမန်း လို တကယ်တော်တဲ့ နည်းပြ ရှိပါတယ်။ ဒါကြောင့်မို့ ပြီးဆုံးသွားပါပြီ။ ကျွန်တော် အသင်းကို ပွဲကြည့်ဖို့ တော့ ပြန်လာချင်လာပါမယ်။ ဒါပေမယ့် နည်းပြ အဖြစ်တော့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော် ဒီမှာ အတော်လေး ပျော်နေပါတယ်။ ကျွန်တော့်မှာ လုပ်စရာ အများကြီး ရှိသေးတယ်။ ကျွန်တော် အကောင်းဆုံး လုပ်ဖို့ စိတ်ဆန္ဒရှိနေတယ်။ ဒါက အရေးကြီးဆုံး အရာပါပဲ ”