MySport Myanmar

အာဆင်နယ်နဲ့ ကစားရမယ့်ပွဲ အတွက် စိတ်လှုပ်ရှားနေကြောင်း ပြောလာတဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် ပွဲစဉ်အတွက် စိတ်လှုပ်ရှားနေကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးနဲ့ အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်တို့က ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင် လုနေကြတဲ့ အသင်းတွေ ဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ရမှတ် ၅မှတ် ပိုသာနေပေမယ့် မန်ချက်စတာ စီးတီးကလည်း အာဆင်နယ်ထက် ၂ပွဲလျော့ထားပါတယ်။

Photo Credit: The Sun

ဒါကြောင့် သူတို့နှစ်သင်းမှာ ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးမယ့် အရာက ယနေ့ညမှာ ကစားမယ့် ပွဲစဉ်ဖြစ်ပြီး မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလားအလာ ပိုကောင်းသွားမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲကို မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ကစားရဖို့ ရှိနေတာကြောင့် အိမ်ရှင် မန်ချက်စတာ စီးတီးက နိုင်ပွဲရဖို့ အတွက် အာဆင်နယ်ထက် ပိုမို အခြေအနေ ကောင်းနေပေမယ့် မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အာဆင်နယ်နဲ့ ပွဲအတွက် စိတ်လှုပ်ရှားမိကြောင်း ဆိုလာပါတယ်။

 

Photo Credit: Goal

ပပ် ဂွာဒီယိုလာက – “ကျွန်တော်က ဒီပွဲအတွက် ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို အကောင်းဆုံး ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်က နည်းနည်းလေး စိတ်လှုပ်ရှားနေတာကို ဝန်ခံပါရစေ။ တစုံတခု အတွက် စိတ်လှုပ်ရှားတယ် ဆိုတာက ကျွန်တော်တို့ ဘဝရဲ့ တစိတ်တပိုင်းပါပဲ။ စိုးရိမ်တတ်တာကလည်း ဘဝရဲ့ တစိတ်တပိုင်းပဲ။ ကြောက်တတ်တာကလည်း ကျွန်တော်တို့ ဘဝရဲ့ အစိတ်အပိုင်း တခုပါ။ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့လူတွေ ဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို့က ဒီအချက်တွေကို ကလေးတွေ သိအောင် သင်ပေးဖို့ လိုပါတယ်။ အခုဆိုရင် ကလေးတွေက အင်စတာဂရမ်နဲ့ တစ်တော့ပ်တွေကြောင့် သူတို့ဟာ ပြီးပြည့်စုံတဲ့ လူသားတွေ ဖြစ်ဖို့ လိုတယ် ၊ ဉာဏ်ကောင်းတဲ့ လူတွေ ဖြစ်ဖို့ လိုတယ် ဆိုပြီး တွေးနေကြပါပြီ” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version