မန်စီးတီးအသင်းအနေနဲ့ ဥရောပအောင်မြင်မှုတွေကိုပါ အရယူဆောင်နိုင်ဖို့အတွက် လတ်တလောမှာ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့မလိုအပ်ပဲ အသင်းရဲ့အားနည်းနေတဲ့ ခံစစ်ပိုင်းအတွက်ကိုသာ ကမ္ဘာ့အဆင့်ရှိ နောက်ခံလူတစ်ယောက်ကို အားဖြည့်ခေါ်ယူသင့်ပြီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီလို နောက်ခံလူတစ်ဦးကိုသာ အရခေါ်ယူသွားသင့်တယ်လို့ ကစားသမားဟောင်း အိုဝင်ဟားဂရေ့စ်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Core

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်းမှာ ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်အသင်းဆီ ချန်ပီယံဆုကို လက်လွဲပေးခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း လိုင်ယွန်ကို အရေးနိမ့်ခဲ့ရလို့ ကွာတားဖိုင်နယ်အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသင်းရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဟားဂရေ့စ်က “ပတ်က သူသာ မက်ဆီကို တကယ်အလိုရှိနေမယ်ဆိုရင် သူအရခေါ်ယူလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဆီကို ဗာဂျယ်ဗန်ဒိုက်လို ကစားသမားမျိုး ရောက်လာတဲ့အချိန်မှာ အသင်းက ဘယ်လောက်တောင် အကျိုးရှိခဲ့လဲဆိုတာကိုတော့ ပတ်နားလည်ဖို့လိုတယ်”

Photo Credit : Man City Core

“ပတ်က မက်ဆီထက်စာရင် အဲ့ဒီလို ကစားသမားမျိုးကိုပဲ လိုအပ်နေတာပါ။ သူက ဗင်းဆင့်ကွန်ပနီလို အသင်းကိုလည်း ဦးဆောင်ပြီး ခံစစ်တာဝန်လည်း ကျေပွန်လှတဲ့ ကစားသမားမျိုးကို လိုအပ်နေပါတယ်။ ပတ်က တကယ့်ကို အသစ်အဆန်းတွေ တီထွင်တတ်လှတဲ့သူလို့ ကျွန်တော်ထင်တယ်။ ဒါကြောင့်ပဲ အသစ်အဆန်း (၁၀)ခုလောက်မှာ (၉)ခုလောက်ကို မှန်ကန်အောင် လုပ်နိုင်ခဲ့တာပေါ့။ လိုင်ယွန်နဲ့ပွဲမှာပဲ ပြိုင်ဘက်အသင်းရဲ့ကစားပုံနဲ့ လိုက်လျောညီထွေအောင် လိုက်ကစားတဲ့ပုံစံက ဒါသူရဲ့ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒီလိုမျိုးတွေကိုတော့ သူထပ်ပြီး လုပ်လိမ့်တော့မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ စီးတီးမှာ ရှိနေတဲ့ပြသာနာတစ်ခုက အသင်းရဲ့ခံစစ်ပိုင်းအတွင်း ကွန်ပနီရဲ့နေရာ အစားမထိုးနိုင်သေးတာပဲ။ ဘယ်အသင်းမှ ခံစစ်ပိုင်းအတွင်း World-Class အဆင့် နောက်ခံကစားသမားတစ်ယောက် မပါဝင်ပဲနဲ့ ချန်ပီယံလိဂ်မှာ မအောင်မြင်နိုင်ပါဘူး။ လီဗာပူးလ်ကိုပဲ ဥပမာထားပြီး ကြည့်လို့ရနိုင်တာပဲလေ။ သူတို့က ဗန်ဒိုက်နဲ့ ဂိုးသမားအယ်လီဆန်တို့ကို ခေါ်ယူပြီးနောက်မှာ ဘာတွေပြောင်းလဲလာသလဲဆိုတာ သက်သေပဲ။ စီးတီးလည်း ကွန်ပနီရောက်လာပြီး နောက်ပိုင်းကတည်းက ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲ ပါဝင်လာခဲ့တာပဲလေ။ ပတ်က သူ့ကို ဝေဖန်တဲ့သူတွေထက် သူ့အသင်းက ဘာတွေလိုနေမလဲဆိုတာ သူပိုသိမှာပါ” လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။