ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူတို့အသင်းဟာ ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦးဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဇူလိုင်လ ၁ရက်နေ့ထဲက စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ကနဦးမှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ဆိုးဝါးလှတဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အသင်းနဲ့ လမ်းခွဲဖို့ အထိ ဖြစ်ခဲ့ရပြီး လက်ရှိမှာတော့ သူ နှစ်သက်တဲ့ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ရထားပါတယ်။

မက်ဆီလို ကစားသမားမျိုးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးဟာ အင်မတန် ရှားပါးတဲ့ အခွင့်အရေး တရပ် ဖြစ်ပေမယ့် မက်ဆီရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကို ပေးချေနိုင်မယ့် အသင်းဟာ များများစားစား မရှိလှပဲ ပီအက်စ်ဂျီအသင်း ၊ မန်ချက်စတာ စီးတီးအသင်း ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးအသင်းတို့ကသာ မက်ဆီကို ခေါ်ယူနိုင်တဲ့ ဘဏ္ဍာရေး အင်အားကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Daily Mail

ဒါပေမယ့် လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက သူတို့အသင်းဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ကြောင်း ယတိပြတ် ပြောကြားလိုက်ပါတယ်။ မက်ဆီနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “ ကျွန်တော်တို့က ဂရီးလစ်ရှ်ကို ခေါ်ယူထားသလို သူနဲ့ လိုက်ဖက်မယ်လို့ ယူဆထားတဲ့ ကျောနံပါတ် ၁၀လည်း ပေးခဲ့ပါတယ်။ အစကတော့ လီယိုက ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေမယ်လို့ ထင်ခဲ့တာပါ။ အခုတော့ မက်ဆီက ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲမှာ မရှိပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။