အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ စီးတီးအသင်း ရဲ့ နည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာ က ချယ်လ်ဆီး အသင်းကို သွားရောက် ကစားရမယ့် ပွဲစဉ်မှာ အသင်း ရဲ့ အဓိက ကစားသမား ၃ ဦး လွဲချော်သွားဖို့ ရှိနေတယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။ မန်စီးတီး အသင်း အနေနဲ့ ပြီးခဲ့တဲ့ အဲဗာတန် အသင်း နဲ့ ပွဲစဉ်ကို အသင်း အတွင်း ရောဂါပိုးပျံ့နှံ့ မှုတွေ ရှိတာကြောင့် အရေးပေါ် ရွှေ့ဆိုင်းခဲ့ရပြီးတော့ အခုတစ်ပတ် တနင်္ဂနွေနေ့ စတန်းဖို့ဒ်ဘရစ်ဂ်ျ မှာ ကစားမယ့်ပွဲစဉ်ကိုတော့ ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က တစ်သင်းလုံးကို ရောဂါပိုး စစ်ဆေးခဲ့ပြီး ပိုးတွ့ရှိသူ အသစ် မရှိတာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း ဆင်းမှုကိုလည်း ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။

Photo Credit: Metro

ကိုင်လီ ဝေါလ်ကာ၊ ဂါဘရီရယ် ဂျီးဆပ် နဲ့ အသင်းရဲ့ ဝန်ထမ်း နှစ်ဦးဟာ ပထမဆုံး ပိုးတွေ့ရှိခဲ့သူတွေ ဖြစ်ပြီး သီးသန့်ခွဲ‌နေရကာ အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အီဒါဆန် ကလည်း နယူးရီးယားညက သူ့အနေနဲ့ သီးသန့်ခွဲနေရကြောင်း အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။ ဂွာဒီယိုလာက သူ့ရဲ့ ကစားသမားတွေ အနက် အဓိက ကစားသမား သုံးဦး အနေနဲ့ အဆိုပါ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ကြောင်း နဲ့ အဆိုပါ ကစားသမားတွေက ဘယ်သူတွေ ဖြစ်ကြောင်း ပြောခွင့်မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ “ ရောဂါပိုးကူးစက်ခံရတဲ့ ကစားသမားတွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်မပြောဆိုဖို့ အတွက် ပရီးမီးယားလိဂ် က ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ အနေနဲ့ ကစားသမားတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လေးစားရပါမယ် ”

Photo Credit: Metro

“ မနက်ဖြန် ခင်ဗျား လူစာရင်းကို တွေ့တဲ့အခါ အဓိက ကစားသမား သုံးဦး လျော့နေပါလိမ့်မယ်။ ဒါကြောင့် ခင်ဗျား အနေနဲ့ ဘယ်ကစားသမားတွေလဲဆိုတာ အတိအကျ သိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ကိုတော့ ဘယ်ကစားသမားတွေလဲ ဆိုတာ ပြောခွင့်မပေးထားပါဘူး။ ပထမတစ်ကြိမ်မှာ လူလေးဦး၊ ကစားသမား ၂ ယောက် ပိုးတွေ့ရှိပါတယ်။ အဲ့ဒီနောက် နောက်ထပ် ကစားသမား ၃ ယောက် ကူးစက်ခံရတယ်။ ပရီးမီးယားလိဂ် အနေနဲ့ ကျွန်တော်တို့ကို ကစားသမားတွေရဲ့ နာမည်တွေ ပြောပြဖို့ ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျ။ ဒါပေမယ့် ခင်ဗျား မနက်ဖြန်ကျရင် သိမှာပဲလေ။ ကျွန်တော်တို့ အဲဗာတန် အသင်း နဲ့ ကစားဖို့ အတွက် ကစားသမား အလုံအလောက် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကစားလဲ ကစားချင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ပွဲကစားမယ့်နေ့မှာပဲ နောက်ထပ် ကူးစက်ခံရသူတွေ ထပ်မံတွေ့ခဲ့တယ်။ ကျွန်တော် ကာလို အန်ဆလော့တီ ကို ခေါ်ပြီးတော့ အခြေ‌အနေကို သေချာ ရှင်းပြခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ လူတွေ ရောဂါကြောင့် သေနေရပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ပြဿနာက ဒီမှာလည်း ရှိနေပါသေးတယ်။ အခုတော့ လေ့ကျင့်ရေးစင်တာ ကို ပိုးသတ်ဆေး ဖြန်းပြီးပါပြီ။ နောက်တစ်ကြိမ် စစ်ဆေးတာမှာလည်း လူတိုင်း နက်ဂတစ် ဖြစ်ဖို့ မျှော်လင့်ပါတယ်။ အခု ပို့စတစ် ဖြစ်ထားတဲ့ လူတွေ အနေနဲ့လည်း ဘာပြဿနာမှ မရှိပဲ ပြန်လာနိုင်ပါမယ် ” လို့ ပြောဆို ရှင်းပြခဲ့ပါတယ်။