ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ်ဂွာဒီယိုလာ ကတော့ လတ်တလောမှာ သွင်းဂိုးတွေ ပျောက်ဆုံးနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို တိုက်စစ်မှူးနေရာမှာ အသုံးပြုရတာကို သဘောကျကြောင်း လီဗာပူးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းဟာ ဂွာဒီယိုလာရဲ့ လက်အောက်မှာ မန်ချက်စတာ စီးတီးအသင်း အတွက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ကစားသမား တဦး ဖြစ်နေပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ပုံမှန် ခြေစွမ်းပြသဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၉ပွဲအထိ ပါဝင် ကစားခွင့် ရထားပေမယ့် သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးအသင်းရဲ့ ပရိသတ်တွေက စတာလင်းကို အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်သင့်နေပြီလို့ တိုက်တွန်းမှုတွေ ပြုလုပ်နေကြပေမယ့် ဂွာဒီယိုလာ ကတော့ စတာလင်းရဲ့ အသင်းအတွက် ကြိုးစားပေးနေမှုတွေကို သဘောကျကြောင်းနဲ့ ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မှာ စတာလင်းရဲ့ တိုက်စစ်မှူးနေရာ ကနေ ကစားသွားတဲ့ ကစားပုံကို သဘောကျကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းက ပီအက်စ်ဂျီအသင်းကို ပြင်သစ်မြေမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဂွာဒီယိုလာဟာ စတာလင်းကို တိုက်စစ်မှူးနေရာ ထားကာ ကစားစေခဲ့ပြီး စတာလင်းဟာ အဆိုပါပွဲစဉ်မှာ အပိုင်အခွင့်အရေး တချို့ လွဲချော်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ခံစစ်ပိုင်းကိုတော့ အလုပ်ရှုပ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

စတာလင်းအား တိုက်စစ်မှူးနေရာမှာ အသုံးပြုရတာကို နှစ်သက်တဲ့အကြောင်း ဂွာဒီယိုလာက – “ စတာလင်းက ပီအက်စ်ဂျီနဲ့ပွဲမှာ တိုက်စစ်မှူးတဦး အဖြစ် အတော်လေး ကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။ သူက အခွင့်အရေး ဖန်တီးမှု အများအပြားကိုလည်း ပြုလုပ်ခဲ့တယ်။ ဂိုးရနိုင်တဲ့ အခွင့်အရေး တကြိမ် ၊ ဂိုးရနိုင်တဲ့ အရွေ့တခုပေါ့။ အဲ့ဒီပွဲမှာ ကျွန်တော်တို့က လျင်မြန်မှုကို လိုအပ်ခဲ့တယ်။ အဲ့ဒါကို သူက အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူက ညာတောင်ပံမှာလည်း ကစားနိုင်ပေမယ့် ကျွန်တော်တို့ အတွက် ဂျေဇူးက ညာတောင်ပံမှာ အကောင်းဆုံး ခြေစွမ်းပြနေတယ်လေ။ ဒီတော့ သူ့အတွက် အထောင်တိုက်စစ်မှူး နေရာက အသင့်တော်ဆုံးပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။