စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာနဲ့ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးကာ လက်ရှိမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးကို ကိုင်တွယ်နေတဲ့ နာမည်ကျော် နည်းပြ ပပ်ဂွာဒီယိုလာ ကတော့ သူဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ထက် မန်စီးတီးအသင်းကို ပိုမို ချစ်ခင်ကြောင်း အတိအလင်း ဝန်ခံသွားခဲ့ပါတယ်။

စပိန် နာမည်ကျော် နည်းပြ ဖြစ်သူ ပပ်ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်း ၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ အားလုံးမှာ ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့ နည်းပြဘဝ အအောင်မြင်ဆုံး ခုနှစ်တွေကိုတော့ ဘာစီလိုနာအသင်းမှာ ပိုင်ဆိုင်ခဲ့တာပါ။

Photo Credit: Sky Sports

ဒါပေမယ့် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီးအသင်းကို အချိန်အကြာဆုံး ကိုင်တွယ်ခဲ့တာ ဖြစ်သလို သူ့ရဲ့ နည်းပြဘဝ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အချိန်တွေကိုလည်း အင်္ဂလန်မြေမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၄-၁ ဘရုဂေး ပွဲစဉ်အပြီးမှာ ဂွာဒီယိုလာက သူဟာ ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့အတူ ရရှိတဲ့ နိုင်ပွဲတွေ အတွက် ပိုမို ပျော်ရွှင်ကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာပါ။

Photo Credit: Sky Sports

ဂွာဒီယိုလာက – “ ကျွန်တော်တို့ ဒီနှစ်တွေမှာ ရခဲ့တဲ့ အောင်မြင်မှုတွေ အားလုံးက ကိုယ်တိုင် ကြိုးစားခဲ့ပြီးမှ ရလာတဲ့ အောင်မြင်မှုတွေပါ။ ဘယ်သူကမှ ကျွန်တော်တို့ကို မကူညီကြပါဘူး။ ကျွန်တော်တို့ နိုင်ခဲ့သမျှ အရာအားလုံးဟာ ကျွန်တော်တို့ ကြိုးစားမှုတွေရဲ့ အသီးအပွင့်တွေချည်းပါပဲ။ ဒီအတွက် ကျွန်တော့်ဘက်က အတော်လေး ကျေနပ်မိပါတယ်။ ခင်ဗျားက အသင်းကြီးတွေကို ကိုင်တွယ်ရင် တချို့ ပစားပေးမှုတွေကို ရတတ်ပါတယ်။ ဒါကိုလည်း ကျွန်တော့်ဘက်က နားလည်နိုင်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်း ကတော့ ဒီလို ပစားပေးမှုတွေ မရပါဘူး။ ကျွန်တော် အရင် ကိုင်တွယ်ဖူးတဲ့ အသင်းကြီးတွေမှာလည်း ကျွန်တော်က ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ အတူ ရခဲ့တဲ့ အောင်မြင်မှုတွေက ပိုပြီး ချိုမြိန်ပါတယ်။ ကျွန်တော်ကလည်း ပိုပြီး ပျော်ရွှင် ကျေနပ်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက ပရီးမီးယားလိဂ်မှာ ရခဲ့လို့ပါ” လို့ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။