ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယခုနှစ် ချန်ပီယံလိဂ် ဘောလုံးရာသီမှာ သူတို့အသင်းကို ဒုက္ခပေးနိုင်မယ့် အသင်းဟာ ပြိုင်ဘက်ကြီး ဂျာဂင် ကလော့ပ်ရဲ့ လီဗာပူး ဖြစ်ကြောင်း ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ထိပ်သီးလိဂ် ၅ခု အနက် စွမ်းဆောင်ရည် အတည်ငြိမ်ဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါသေးတယ်။

Photo Credit: Express

မန်ချက်စတာ စီးတီးဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့မှာလည်း ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းကို အဝေးကွင်းမှာ ၀-၅ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်ပဲ စပို့တင်း လစ္စဘွန်းနဲ့ ပွဲစဉ်အပြီးမှာ သတင်းထောက်တွေက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလိဂ်အိမ်မက်ကို တားဆီးနိုင်တဲ့ အသင်း ရှိလား ဆိုပြီး ဂွာဒီယိုလာကို မေးခွန်းထုတ်ခဲ့ကြရာ ဂွာဒီယိုလာက ကလော့ပ်ရဲ့ လီဗာပူးဟာ သူတို့ကို ဒုက္ခပေးနိုင်စွမ်း ရှိကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဂွာဒီယိုလာက – “ကျွန်တော်တို့ကို အနိုင်ယူနိုင်စွမ်း ရှိတာက လီဗာပူးပါ။ သူတို့က ပရီးမီးယားလိဂ်မှာ ဆိုရင် ကျွန်တော်တို့ထက် ၆မှတ် လျော့နည်းနေပေမယ့် ကျွန်တော်တို့ကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ သူတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေထဲက ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာခဲ့တာပါ။ သူတို့က ကျွန်တော်တို့ အတွက် ဆိုရင် ဖင်ထဲက အနာတခုလိုပါပဲ။ (အမြဲတမ်း ဒုက္ခပေးနေတာကို ရည်ရွယ်လျက်) သူတို့က ထိပ်တန်းအသင်း တသင်းပါ” လို့ ပြောကြားသွားခဲ့တာပါ။