MySport Myanmar

သူတို့က လီဗာပူးလ်နဲ့ အမှတ်တွေ သန်းထောင်ချီအောင် ကွာနေခဲ့တယ်လို့ ဂွါဒီယိုလာ ညည်းတွား

မန်ချက်စတာ စီးတီးအသင်းဟာ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ယူပြီး FA ဖလား ဖိုင်နယ်ကို (၃)နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပေမယ့် မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ အသင်းရဲ့ ဒီရာသီ ဖြတ်သန်းမှုအတွက် လုံးဝ ကျေနပ် ပျော်ရွှင်ခြင်း မရှိကြောင်း ပြောကြားလိုက်ပါတယ်။

စီးတီးဟာ ဝင်ဘလေမှာ ဖောရက်စ်ကို ၂-၀ ဂိုးနဲ့ အေးဆေး အနိုင်ယူပြီး ဒီလို (၃)နှစ်ဆက်တိုက် FA Cup ဖိုင်နယ် တက်ရောက်နိုင်တဲ့ (၆)သင်းမြောက် ကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်က တော့တင်ဟမ်ကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို သူတို့ဆီကနေ တရားဝင် ရယူသွားခဲ့တာကြောင့် ဂွါဒီယိုလာက စိတ်ကျေနပ်မှုနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

Photo Credit : Cumnock Chronicle

စီးတီးဟာ ပွဲစဉ် (၄)ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ လီဗာပူးလ်ရဲ့အောက် (၂၁)မှတ်အထိ ကွာဟနေပြီး ၂၀၁၆ မှာ ဂွါဒီယိုလာ နည်းပြ ဖြစ်လာပြီးနောက်ပိုင်း ရမှတ် အနည်းဆုံးနဲ့ ရာသီသိမ်းရဖို့ ရှိနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် (၁၆) သင်းအဆင့်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ပြိုင်ပွဲပုံစံသစ်အရ အုပ်စုအဆင့်မှာ (၃၆) သင်းထဲက အဆင့် (၂၂) သာ ရခဲ့ပြီး စုစုပေါင်း (၃) ပွဲသာ အနိုင်ရခဲ့ကာ ရှုံးထွက် ပလေးအော့ဖ်မှာ ရီးရဲလ် မက်ဒရစ်ကို ၆-၃ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ဟင့်အင်း ဒီရာသီက လုံးဝ မကောင်းခဲ့ဘူး။ ကျွန်တော်တို့ လီဗာပူးလ်ရဲ့နောက် အမှတ်တွေ သန်းထောင်ချီ ကွာနေတယ်။ ဒါ မကောင်းဘူး။ ချန်ပီယံလိဂ်ကို ကြည့်။ ကျွန်တော်တို့ တစ်ပွဲနိုင်တာလား။ နှစ်ပွဲလား။ ကျွန်တော်တို့က အမြဲတမ်း စက်ယန္တရားကြီးလို ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ မကောင်းခဲ့ဘူး။ ထိခိုက်မှုကတော့ နည်းပါးပါလိမ့်မယ်။ ဒါပေမယ့် ရာသီကောင်းခဲ့တယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ကလပ်အသင်းအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချပြီး နောက်ရာသီ ပိုကောင်းလာအောင် လုပ်ရမယ်။”လို့ မကျေနပ်မှုကို အခုလို ပြောခဲ့ပါတယ်။

Photo Credit : Manchester City FC

ဒါပေမယ့် ဂွါဒီယိုလာဟာ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲ အစမှာ လီဗာပူးလ်အသင်း ချန်ပီယံဆု ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုစကားကိုလည်း ဦးစွာ ပြောကြားခဲ့ပါသေးတယ်။ “ကျွန်တော် မစခင်မှာ ကျွန်တော်နဲ့ ကလပ်အသင်း တစ်ခုလုံးကိုယ်စား လီဗာပူးလ် ဘောလုံးအသင်းရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုအတွက် ဂုဏ်ပြုချင်ပါတယ်။ သူတို့ တကယ် ထိုက်တန်ပါတယ်။ ဒါက သံသယ ဖြစ်စရာ မရှိပါဘူး။ တကယ် ကောင်းမွန်တဲ့ အသင်းပါ။ လွန်ခဲ့တဲ့ (၄)နှစ်တာ ကာလတွေလိုပဲ သူတို့ ဒီနှစ်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ မဖြစ်နိုင်ခဲ့ပေမယ့် နောက်ရာသီမှာတော့ ကျွန်တော်တို့ အဆုံးထိ ပိုကောင်းကောင်း ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ဂွါဒီယိုလာက ဆိုပါတယ်။

စီးတီးအသင်းဟာ လာမယ့် မေလ ၁၇ ရက်နေ့မှာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ FA ဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် (၈)ကြိမ်မြောက်နဲ့ ဂွါဒီယိုလာ လက်အောက် (၃)ကြိမ်မြောက် ဆုဖလားကို ရယူဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် အဲ့ဒီမတိုင်ခင် လာမယ့် သောကြာနေ့ မေလ ၂ ရက်နေ့မှာ ဝုလ်ဗ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားမယ့် ပွဲကို အာရုံစိုက်ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အရေးပါတဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး (၅)သင်း စာရင်းဝင်ခွင့်ကို လမ်းကြောင်းပေါ် ဆက်ထိန်းထားဖို့ လိုအပ်နေပါတယ်။

Exit mobile version