လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ ဂိုးမရှိ သရေကျခဲ့တာဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် အီတီဟတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို ဆိုးရွားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာ ရထားပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပဲ တပွဲလုံးမှာ ဂိုးပေါက်တည့် ကန်ချက် ၁ကြိမ်သာ ရှိခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ ဆောက်သမ်တန်အသင်းဟာ တန်ပြန်တိုက်စစ်ကို ဦးစားပေး ကစားခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ရူဘင်ဒီယက်ဇ် ဦးဆောင်တဲ့ ခံစစ်ပိုင်းက အတော်လေး ကျစ်လျစ်တာကြောင့်သာ မန်ချက်စတာ စီးတီးအသင်း အနေနဲ့ သက်သာရာ ရခဲ့တာပါ။

ပွဲအပြီးမှာတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာက သူဟာ တိုက်စစ်မှူး မရှိတာကြောင့် သရေကျခဲ့တာပါလို့ ဆင်ခြေ မပေးချင်ပေမယ့် အထောင်တိုက်စစ်မှူး မရှိလို့သာ ဆောက်သမ်တန်အသင်းကို အနိုင်မရခဲ့တာလို့ အကြောင်းပြချက် ပေးသွားခဲ့ပါတယ်။

Photo Credit: Goal

 

ဂွာဒီယိုလာက – “ဒီနေ့ ကျွန်တော်တို့ အနိုင်မရခဲ့တာဟာ ကျွန်တော်တို့မှာ အထောင်တိုက်စစ်မှူး မရှိလို့ပါ။ ကျွန်တော်တို့က ကစားကွက်ကို အကောင်းဆုံး မတည်ဆောက်နိုင်ခဲ့ဘူး။ ပြီးတော့ ရှေ့တန်းကစားသမားတွေ အတွက် လုံလောက်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ပါဘူး။ အဲ့ဒါတွေကြောင့် ပွဲကို မနိုင်ခဲ့တာပါ။ တိုက်စစ်မှူး မရှိတာက အဓိကကျတဲ့ အချက်တခုတော့ မဟုတ်ပါဘူး။ ပွဲရလဒ် အတွက် အဓိကကျခဲ့တာက ကျွန်တော်တို့ဟာ နောက်တန်းကနေ စပြီး ကစားကွက်ကို မဖော်နိုင်ခဲ့လို့ပါ။ ဖာနန်ဒင်ဟို အပြင် နောက်ခံလူ လေးဦးက အခြား ကစားသမားတွေ အတွက် ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေ မလုပ်နိုင်ခဲ့ပါဘူး” လို့ ပြောကြားခဲ့တာပါ။