ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့ရဲ့ ပြိုင်ဘက်အသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းက ဘယ်လို ကစားကွက်နဲ့ ပွဲထွက်လာမလဲ ဆိုတာကို သူ့အနေနဲ့ သိရှိတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အဖြစ် ယနေ့ည ၇နာရီ အချိန်မှာ အာဆင်နယ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်ဟာ မန်ချက်စတာ စီးတီးအသင်း အတွက် ခက်ခဲမယ့် ပွဲစဉ်တပွဲ ဖြစ်ကြောင်း ဘောလုံးရေးရာ သုံးသပ်သူတွေက ဆိုပါတယ်။

Photo Credit: Football London

ယခုတပတ်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ ချန်ပီယံလုဘက်အသင်း နှစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ဟာ ထိပ်တိုက် တွေ့ဆုံနေကြတာကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာသာ မန်ချက်စတာ စီးတီးအသင်းက ရလဒ်ကောင်း ရခဲ့ရင် ချန်ပီယံလုဘက် အသင်းတွေကို အမှတ်တွေ ပိုမို ဖြတ်တောက်နိုင်မှာပါ။

တဖက်မှာလည်း အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၅ပွဲ ဆက်တိုက် အနိုင်ရထားတဲ့ အသင်းတသင်း ဖြစ်သလို အဆိုပါ၅ပွဲမှာ ပေးဂိုးက ၂ဂိုးသာ ရှိတာကြောင့် မန်ချက်စတာ စီးတီးအသင်းရဲ့ အမ်းမရိတ်မြေဆီ သွားရမယ့် ခရီးက လွယ်ကူဖို့တော့ မရှိပါဘူး။

Photo Credit: Football London

ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ အာဆင်နယ်အသင်းဟာ ပုံစံကောင်းတွေ ရနေပေမယ့် သူက ဒီနေ့ညမှာ အာဆင်နယ်အသင်းဟာ ဘယ်ကစားသမားတွေကို အသုံးပြုပြီး ပွဲထွက်လာမလဲ ဆိုတာကို သိထားတာကြောင့် ရလဒ်ကောင်း ရလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “အာဆင်နယ်အသင်းရဲ့ အဓိကလူဟာ မီခေး(အာတီတာ) လို့ ထင်ပါတယ်။ ကျွန်တော်က သူ့ရဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်း ၊ အကြံဥာဏ်နဲ့ ကစားသမားတွေဆီ ကနေ အကောင်းဆုံး အရာတွေကို ထုတ်ယူနိုင်တဲ့ အရည်အချင်းတွေ အားလုံးကို သိထားပါတယ်။ သူက အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်တဲ့ လူတဦးပါ။ အခုချိန်မှာ ကျွန်တော်တို့ အားလုံး လိုချင်တဲ့ တခုထဲသော အရာက သူ ကျန်းမာရေး ကောင်းနေဖို့ပါပဲ။ သေချာသာ ဆေးကုသမှုတွေ ခံယူထားရင် ကိုဗစ်ရဲ့ဒဏ်ကို အချိန်ခဏလေးပဲ ခံရမှာ သေချာပါတယ်။ နည်းပြတဦး အတွက် အကောင်းမွန်ဆုံးသော အရာက ကွင်းဘေးကနေ အသင်းကို စီမံ ခန့်ခွဲရတာပါပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မီခေး ပါပါ ၊ မပါပါ အာဆင်နယ်အသင်းက ဘယ်သူတွေနဲ့ ပွဲထွက်လာမလဲ ဆိုတာကို ကျွန်တော် သိထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။