MySport Myanmar

ကယ်လ်ဗင် ဖီးလစ်က မန်စီးတီး ကစားသမားအဖြစ် ဆက်ရှိနေဦးမယ်လို့ ဂွာဒီယိုလာ ဆို

ဒီနွေဈေးကွက်အတွင်းမှာ ပရီးမီးယားလိဂ် တန်းတက်ကလပ် အစ်ဝစ်ချ်တောင်းအသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ကယ်လ်ဗင် ဖီးလစ်ဟာ အနာဂတ်မှာ မန်စီးတီး ကစားသမားအဖြစ်သာ ဆက်ရှိနေဦးမယ်လို့ စီးတီးနည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

အသက် (၂၈)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူ ကယ်လ်ဗင် ဖီးလစ်ဟာ လိဒ်စ်ယူနိုက်တက်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း လိဒ်စ်မှာပဲ ဘောလုံးရာသီ (၈)ရာသီအထိ ကျင်လည်ခဲ့ပါတယ်။ လိဒ်စ်မှာ ကစားခဲ့တုန်းက ဖီးလစ်ဟာ လိဒ်စ်ကွင်းလယ်ပိုင်းမှာ အတော်လေး ခြေစွမ်းပြနိုင်ခဲ့လို့ ယော့ခ်ရှိုင်းယား ပီယာလိုလို့ပါ တင်စား ခေါ်ဆိုခံရပါသေးတယ်။

Photo Credit : Sporting Life

ဒီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကယ်ဗင် ဖီးလစ်ကို ၂၀၂၂ခုနှစ် နွေမှာပဲ မန်စီးတီးအသင်းက (၆)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပေမယ့် ဖီးလစ်က သူရဲ့ စီးတီး ကစားသမားဘဝ ပထမရာသီမှာ ပြိုင်ပွဲစုံ (၂၁)ပွဲသာ ကစားခဲ့ရသလို စီးတီးကွင်းလယ်မှာလည်း ရိုဒရီလို ထိပ်တန်း ကစားသမားကိုလည်း မကျော်နိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

စီးတီးမှာ ပွဲကစားခွင့်တွေ သိပ်မရခဲ့တဲ့ ကယ်လ်ဗင် ဖီးလစ်က ၂၀၂၃-၂၄ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီဝင်မှာ ဝက်စ်ဟမ်းအသင်းဆီ (၆)လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းမှာလည်း နေရာမရခဲ့လို့ စီးတီးဆီသာ ပြန်ရောက်လာခဲ့ရင်း အခုတော့ တန်းတက်ကလပ် အစ်ဝစ်ချ်ဆီပါ အငှားချခံလိုက်ရပါတယ်။

Photo Credit : Fabrizio Romano

ကယ်လ်ဗင် ဖီးလစ်အနေနဲ့ အစ်ဝစ်ချ်လို အသင်းမျိုးမှာတော့ သေချာပေါက် နေရာရဖို့ ရှိနိုင်ပြီး ဒီအသင်းမှာ သူရဲ့ ကစားသမားဘဝကို ပြန်လည် တောက်ပအောင် လုပ်ဆောင်နိုင်မှာ ဖြစ်သလို စီးတီးအသင်းရဲ့ ကွင်းလယ်မှာ နေရာတစ်နေရာ ရလာဖို့အတွက်ကိုလည်း လုပ်ဆောင်နိုင်မယ့် အခွင့်အရေးတွေလည်း ရှိနေပါတယ်။

ဖီးလစ်နဲ့ ပတ်သက်ပြီး နည်းပြ ဂွာဒီယိုလာက “ကယ်လ်ဗင် ဖီးလစ်က လာမယ့် အနာဂတ်မှာ မန်စီးတီး ကစားသမားအဖြစ် သေချာပေါက် ဆက်ရှိနေဦးမှာပါ။ ဒါပေမယ့် သူ့မှာ ပွဲကစားချိန်တွေ လိုအပ်ပါတယ်။ သူက ပွဲကစားခွင့်တွေနဲ့လည်း ထိုက်တန်တဲ့ ကစားသမားပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version