လီဗာပူးလ်အသင်းသားတွေအနေနဲ့ မန်စီးတီးအသင်းက ချယ်လ်ဆီးကို အရေးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ်ချန်ပီယံသစ်အဖြစ် တရားဝင်သတ်မှတ်ခံလိုက်ရချိန်မှာ အပျော်လွန်ကာ ဘီယာတွေ အလွန်အကျွံ သောက်သုံးမိခဲ့လို့ သူတို့အသင်းနဲ့ ယှဉ်ပြိုင်ကစားရချိန်မှာ သေချာမကစားနိုင်တော့တာဖြစ်မယ်လို့ မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက ပွဲအပြီး အင်တာဗျူးတစ်ခုမှာ နောက်ပြောင်ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : The Sun

ချန်ပီယံသစ် လီဗာပူးလ်အသင်းဟာ ချန်ပီယံဟောင်းမန်စီးတီးအသင်းရဲ့ အိမ်ကွင်း အယ်တီဟတ်မှာ လာရောက်ယှဉ်ပြိုင်ကစားခဲ့စဉ် ပုံစံကောင်းမပြနိုင်ပဲ ပထမပိုင်းမှာကတည်းက ဂိုးအပြတ်အသတ်နဲ့ အရေးနိမ့်ခဲ့ပြီး ပွဲအပြီးမှာ (၄)ဂိုး ဂိုးမရှိနဲ့ အရှံးပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက “သူတို့တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ချန်ပီယံဖြစ်သွားလို့ ဘီယာတွေအများကြီးသောက်ပြီး အောင်ပွဲခံမိလို့ထင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဒီပွဲကိုတော့ တကယ့်ကို အနိုင်ရဖို့အတွက် ပြင်ဆင်ထားတာပါ။ သူတို့တွေက ပွဲကိုအာရုံစိုက်ထားတယ်”

Photo Credit : Insider

“ခွန်အားအပြည့်နဲ့ အနိုင်ရဖို့အတွက်ကိုလည်း စိတ်ပိုင်းဖြတ်ထားတယ်။ ပွဲအစပိုင်းလောက်ကတည်းက ကျွန်တော်တို့အတွက် ခက်ခဲမယ့်ပွဲတစ်ပွဲ ဖြစ်လာတော့မယ်ဆိုတာကို မြင်လာမိတယ်။ သူတို့ကို ဂုဏ်ပြုတယ်ဆိုတာကတော့ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေ အာရုံစိုက်မှုတွေအတွက်ပါ။ သူတို့က ပရီးမီးယားလိဂ်မှာရော ဥရောပမှာပါ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းကိုး။ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ပါတယ်။ နောက်ပြီး ကျွန်တော်ရဲ့ဘဝမှာ မြင်ခဲ့ဖူးသမျှ အသင်းတွေထဲမှာလည်း လီဗာပူးလ်က ဖိအားပေးတတ်တဲ့နေရာမှာ အကောင်းဆုံးအသင်းပါ။ ဒီလိုအသင်းမျိုးကို ကျွန်တော့်အသင်းတွေအနေနဲ့ အနိုင်ရချင်တာကြောင့် သေချာကစားပြီး ချန်ပီယံအသင်းကို အလဲထိုးခဲ့တာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ အသင်းရဲ့ရှံးပွဲအပေါ်မှာ စိတ်ပျက်နေခဲ့ရပြီး ပွဲအပြီး အင်တာဗျူးမှာလည်း မေးမြန်းသူရဲ့မေးခွန်းနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရကာ မေးခွန်းက သူ့အတွက် အဓိပ္ပာယ်မရှိဘူးလို့ပါ တုန့်ပြန်သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်း ချယ်လ်ဆီးကို အရေးနိမ့်ခဲ့လို့ သူတို့အသင်း ချန်ပီယံဖြစ်သွားချိန် ဟိုတယ်ကြီးတစ်ခုမှာ ကစားသမားတွေ နည်းပြအဖွဲ့ဝင်တို့ အတူတူအောင်ပွဲခံခဲ့ပြီး ဒီအောင်ပွဲခံမှုကလည်း တစ်ညတည်းသာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကလော့က ရှင်းလင်းပြောဆိုခဲ့ပါတယ်။