MySport Myanmar

လိဂ်ဖလားပွဲမှာ သူနဲ့ ကလော့ပ်တို့ ဝင်ကစားရနိုင်တယ်လို့ ဂွာဒီယိုလာ ကျီစယ်ပြောဆို

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးမယ့် ဒီဇင်ဘာလ(၁၈)ရက်နေ့အပြီး နောက်တစ်ရက်အကြာမှာပဲ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ ခါရာဘောင်း လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေကြတာဖြစ်လို့ ဒီပွဲကို နှစ်သင်းလုံးရဲ့ အဓိက ကစားသမားတွေ လွဲချော်ရဖွယ် ရှိနိုင်တဲ့အတွက် သူနဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်တို့ပါ ပါဝင်ကစားရနိုင်တယ်လို့ စီးတီးနည်းပြ ပက်ဂွာဒီယိုလာက နောက်ပြောင်ကျီစယ်ကာ ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လာမယ့် နိုဝင်ဘာ(၂၀)ရက်နေ့ ကာတာနိုင်ငံမှာ စတင် ကျင်းပသွားတော့မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ (၁၈)ရက်နေ့အထိ တစ်လနီးပါး ကျင်းပသွားမှာဖြစ်လို့ ဒီပြိုင်ပွဲကြီးကို နာမည်ကျော် ကစားသမားများစွာ ပါဝင်ဆင်နွဲရမှာဖြစ်ကာ မန်စီးတီးနဲ့ လီဗာပူးလ် ကစားသမားတွေလည်း ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွေကို ဒီဇင်ဘာ(၁၉)ရက်နေ့မှာပဲ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်သလို ကလပ်အသင်းတွေဘက်ကလည်း သူတို့အသင်းသားတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လက်ရွေးစင်အသင်းဆီ စေလွှတ်ထားတာမို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာဖို့က ခက်ခဲနိုင်ပါတယ်။

Photo Credit : The Sun

ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သတ်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက “ကျွန်တော်က ကွင်းလယ်မှာ ကစားမှာဖြစ်ပြီးတော့ ယာဂန်ကလော့ပ်က ဘယ်ခြမ်းခံစစ်မှာ ကစားမှာပါ။ ဒါက နည်းဗျူဟာပါ။ ကျွန်တော်တို့တွေ ဘယ်နှစ်လောက်လောက် သုံးလို့ရနိုင်မလဲဆိုတာ မသိပါဘူး။ ရီးယဒ်မာရက်ဇ်က ကမ္ဘာ့ဖလားကို မသွားရဘူး။ အာလင်းဟာလန်း ဆာဂျီယိုုဂိုးမက်စ်နဲ့ ရီကိုလူးဝစ်တို့လည်း အတူတူပါပဲ။ ဒါပေမယ့် ကျန်တဲ့ ကစားသမားတွေကတော့ ကမ္ဘာ့ဖလားကို ကစားရမှာ။ သူတို့တွေက အုပ်စုအဆင့်ကနေ ရှုံးထွက်(၁၆)သင်းအဆင့်လောက်အထိ တတ်လှမ်းနိုင်မယ်ဆိုရင်တော့ ရက်အနည်းငယ်လောက် အနားယူရမှာဖြစ်ပြီး အုပ်စုအဆင့်ကနေပဲ လှည့်ပြန်လာရမယ်ဆိုရင်တော့ လီဗာပူးလ်နဲ့ပွဲကို ပါနိုင်ပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ကမ္ဘာ့ဖလားအပြီးကြရင် ကျွန်တော်တို့ လေ့ကျင့်ခန်း ဆင်းရမယ်။ အဲ့ဒီအခါ လီဗာပူးလ်ပွဲကို ကစားသမား ဘယ်နှစ်ယောက် ပါဝင်နိုင်မလဲဆိုတာကို ကြည့်ရမယ်”လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Exit mobile version