ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီး အသင်းတို့လို ထိပ်သီးအသင်းတွေကို ကိုင်တွယ် ခဲ့တဲ့ စပိန်လူမျိုး နည်းပြကြီး ပပ်ဂွာဒီယိုလာဟာ ထိပ်သီး ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြကောင်း တစ်ဦး ဖြစ်ပြီး သူ့ကို ယှဉ်နိုင်တဲ့ နည်းပြတွေ များများစားစား မရှိဘူးလို့ ပရိသတ် အများစုနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ လက်ခံ ထားခြင်းကို ခံထားရသူပါ။

Photo Credit: Sports Bible

ဂွာဒီယိုလာဟာ ဘာစီလိုနာ B အသင်းကို ကိုင်တွယ်ကာ သူ့ရဲ့ နည်းပြဘဝကို စတင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ နည်းပြ သက်တမ်းတစ်လျှောက်မှာ များပြားလှတဲ့ ဆုဖလား အောင်မြင်မှုတွေ ၊ တစ်ဦးချင်း ဆုတံဆိပ်တွေ ရရှိခဲ့သလို ထိပ်သီး နည်းပြတွေကိုလည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးသူပါ။

Photo Credit: Sports Bible

ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝမှာ ဆီမြွန်နီ ၊ ပိုချက်တီနို ၊ ဖာဂူဆန် ၊ မော်ရင်ဟို ၊ ကလော့ပ် စတဲ့ ထိပ်တန်း နည်းပြတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး အဆိုပါ နည်းပြတွေ အားလုံးကို သူ့အနေနဲ့ ထိပ်တိုက် တွေ့ဆုံမှု အပိုင်းမှာ အသာစီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာကတော့ သူ့ရဲ့ နည်းပြဘဝမှာ အနိုင်ရရှိဖို့ အခက်ခဲဆုံး နည်းပြ တစ်ဦး ရှိတယ်လို့ ဖွင့်ဟ လာခဲ့ပါတယ်။

Photo Credit: Sports Bible

အဆိုပါ နည်းပြကတော့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ်ပဲ ဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ မန်စီးတီးအသင်းကို ကျော်ဖြတ်ကာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေး ချန်ပီယံဖလားကို လီဗာပူးအသင်း အတွက် ရယူ ပေးနိုင်ခဲ့တဲ့ ဂျာဂင်ကလော့ပ်ဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို နောက်ဆုံး ၂နှစ်တာ ကာလအတွင်းမှာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ် ဖလား အောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Sports Bible

ဂွာဒီယိုလာက ” ကျွန်တော့်ရဲ့ နည်းပြဘဝမှာ ရင်ဆိုင်ဖို့ အခက်ခဲဆုံး အသင်းကတော့ မနှစ် က လီဗာပူးအသင်းနဲ့ ဒီနှစ် လီဗာပူးအသင်းပါပဲ။ ခင်ဗျားကသာ သူတို့ကို လွှမ်းမိုးခွင့် ပေးမယ်ဆိုရင် သူတို့က ခင်ဗျားကို ဧရိယာတစ်ခုထဲမှာပဲ ပိတ်လှောင်ထားမှာပါ။ ခင်ဗျားကို လွတ်မြောက် ဖို့ အခွင့်အရေး မပေးဘူး။ တကယ်လို့ ခင်ဗျားက သူတို့ကို လွှမ်းမိုးလာရင်လည်း သူတို့က နေရာလွတ်တွေ အားလုံးကို ပိတ်ဆို့ထားမှာ သေချာပါတယ် ”

Photo Credit: Sports Bible

” သူတို့ဟာ လျင်လျင်မြန်မြန်ပဲ ခံစစ်ကို ပြန် ကစားနိုင်ကြတယ်။ သူတို့တွေက နည်းစနစ်မှာလည်း အတော်လေး အားကောင်းကြတယ်။ သူတို့ရဲ့ ကစားသမားတွေက စိတ်ဓာတ်ပိုင်းမှာလည်း မာကျောကြတယ်။ ဒါ့ကြောင့် ကလော့ပ် ဟာ ကျွန်တော့်အတွက် အနိုင်ယူဖို့ နည်းလမ်းတွေ အကြာကြီး စဉ်းစားရစေတဲ့ ပြိုင်ဘက် တစ်ဦးပါ ” လို့ ဆိုသွားခဲ့တာပါ။