မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ ယနေ့ည (၁၂း၀၀) နာရီ လက်စတာစီးတီးအသင်းနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်ခင် မန်စီးတီးအသင်းမှာ ဆက်နေချင်တယ်လို့ ပြောကြားသွားပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ (၂၀၂၁) ခုနှစ်အထိသာ စာချုပ် ကျန်တော့တာ ဖြစ်ပြီး (၂၀၂၁) ခုနှစ်မတိုင်ခင် အသင်းက ထွက်နိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် (၂) နှစ်ကြာ ပိတ်ပင်ခံလိုက်ရတာကြောင့်မို့ နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကနေ ထွက်သွားနိုင်တယ်လို့ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit: 90Min

နည်းပြ ပက် ဂွါဒီယိုလာဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်မှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီး လာမယ့် (၂၀၂၁) ခုနှစ်မှာ မန်စီးတီးအသင်းကို နည်းပြတာ (၅) နှစ်ရှိသွားတော့မှာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ရောက်လာပြီးတဲ့နောက် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ဆုဖလား (၂) ကြိမ် နဲ့ အက်ဖ်အေ ဖလား (၁) ကြိမ် ရယူပေးခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာကတော့ (၂၀၂၁) ခုနှစ်မှာ စာချုပ်ကုန်လို့ မန်စီးတီးအသင်းက စာချုပ် ထပ်တိုးချင်ရင် နောက်ထပ် (၃) နှစ်ကြာ ထပ်မတိုးစရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: 90Min

The Guaridan မှာ နည်းပြ ဂွါဒီယိုလာက “ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် နောက်ထပ်တစ်နှစ် ထပ်နေချင်ပါသေးတယ်။။ ဒါပြီရင်တော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ (၂၀၂၁) ခုနှစ်ရောက်ရင် ကျွန်တော် မန်စီးတီးအသင်းနဲ့ (၅) နှစ်ကြာ အတူတူ ဖြတ်သန်းခဲ့ပြီပဲ ဖြစ်မှာပါ။ အသင်းက ကျွန်တော်နဲ့ စာချုပ် ထပ်တိုးရလောက်အောင် ပျော်လားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကျွန်တော်ဟာ ခြွင်းချက်မရှိတဲ့ ကစားသမားတွေနဲ့ အတူ အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့မှာ မယုံနိုင်စရာ ကောင်းတဲ့ ပိုင်ရှင်ပါ ရှိနေပါတယ်။ ကျွန်တော် ဒီအသင်းမှာ (၃) နှစ်နဲ့ အထက် ဆက်နေချင်တယ် ဆိုရင် ဒါက နားလည်ရ ခက်မယ့်အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရာသီကုန်အထိ စောင့်ကြည့်ရဦးမှာပါ”လို့ ပြောကြားသွားပါတယ်။