အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ကြည့်ရတာ လိဂ်တူးက ကစားသမားတစ်ယောက်လိုပဲလို့ ရေရေလည်လည် ဝေဖန်ထားခဲ့တဲ့ ရွိုင်ကိန်းကို မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက ပြန်လည် တုံ့ပြန်လိုက်ပြီပဲ ဖြစ်ပါတယ်။

အသက် (၂၃)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ မနှစ်ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ အသင်းအတွက် (၅၃)ပွဲကစား (၅၂)ဂိုး သွင်းယူပေးရင်း ချန်ပီယံလိဂ် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီရာသီမှာလည်း မန်စီးတီးအတွက် (၃၅)ပွဲကစား (၂၉)ဂိုးအထိ သွင်းယူထားတဲ့ ဟာလန်းက ဒီရာသီထဲ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာတော့ သူရဲ့ ခြေစွမ်းတွေက သာမန် အခြေအနေမှာသာ ရှိနေတက်သလို ခြေစွမ်းပျောက်နေတက်တာမျိုးပါ ဖြစ်နေတက်လို့ ဝေဖန်ခံနေရပါတယ်။

ဟာလန်းရဲ့ အာဆင်နယ်နဲ့ပွဲစဉ်ရဲ့ ခြေစွမ်းပိုင်းတွေကိုလည်း ကစားသမားဟောင်းကြီး ရွိုင်ကိန်းက ဟာလန်းဟာ ဒုတိယတန်း ကစားသမားတစ်ဦးလို့ပဲ ဝေဖန်ခဲ့ရာ ဒါကို ဂွာဒီယိုလာက “သူ့စကားကို ကျွန်တော်ကတော့ လက်မခံပါဘူး။ လုံးဝကို သဘောမတူဘူး။”

Photo Credit : Sky Sports

“သူက ဒုတိယတန်း ဒါမှမဟုတ် တတိယတန်းက အသင်းတွေကိုပဲ နည်းပြခဲ့ဖူးသလိုမျိုး ဖြစ်နေတယ်။ အာလင်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလည်း ဖြစ်သလို ပြီးခဲ့တဲ့ရာသီက ဆုဖလားတွေ ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့တဲ့သူပါ။ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေ မဖန်တီးနိုင်တဲ့ အကြောင်းအရင်းကလည်း အာလင်းကြောင့် မဟုတ်ပါဘူး။”

“ဒီလို ဝေဖန်မှုတွေက ကစားသမားဟောင်းတွေဆီကနေ ထွက်ပေါ်လာတာကိုတော့ ကျွန်တော် အံ့သြမိတယ်။ မှတ်ညဏ်တွေက အလျင်အမြန် ပျောက်ကွယ်သလိုပါပဲ။ ဒီလို ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေကို ခံရပြီဆိုရင် ကစားသမားတွေက ပိုပြီးတော့ လွဲချော်မှုတွေ ဖြစ်လာရတယ်။ နာကျင်ခံစားလာရပါတယ်။ ဒါကြောင့် ကျွန်တော် အနားယူသွားရင်လည်း ဒီလို ဝေဖန်လေကန်တဲ့ အလုပ်တွေကို မလုပ်ဆောင်ပါဘူး။” လို့ ဂွာဒီယိုလာက တုံ့ပြန်သွားခဲ့ပါတယ်။