မန်ချက်စတာ စီးတီး အသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာက လူတန်တောင်းအသင်းကို (၅)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် (၂)ရာသီဆက်တိုက် Treble Champions ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တယ်လို့ ကြွေးကြော် ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား အပါအဝင် ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကိုပါ ဆွတ်ခူးခဲ့ပြီး တစ်ရာသီအတွင်း အဓိက ဆုဖလား (၃)ခုကို Treble Champions အဖြစ် ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

Photo Credit : The National

ဒါ့အပြင် ၂၀၂၃ခုနှစ်ထဲမှာလည်း မန်စီးတီးက ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ထပ်မံ ပိုင်ဆိုင်ခဲ့တာကြောင့် တစ်နှစ်တာအတွင်း ဖလား (၅)ခုအထိ ပိုင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါ့အပြင် လက်ရှိမှာလည်း မန်စီးတီးက ပြီးခဲ့တဲ့ ရာသီတုန်းကအတိုင်း ထပ်တူကျတဲ့ အောင်မြင်မှုတွေ ရယူပြနိုင်ဖို့ တဖြည်းဖြည်းနဲ့ အလားအလာကောင်းလာခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “အရင်ရာသီက ပြီးသွားခဲ့ပါပြီ။ အခုတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ တိုက်ပွဲဝင်နေတုန်းပါပဲ။ (၂၁)မှတ်ပဲ ကျန်ပါတော့တယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်လှမ်းနိုင်မယ့် အခွင့်အရေးအဖြစ် ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရပါမယ်။ စနေ့မှာတော့ ချယ်လ်ဆီးနဲ့ အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲ။ ဒါက အခွင့်အရေးပဲ။”

Photo Credit : Manchester City FC

“ကျွန်တော်တို့တွေက ဒီအချိန်မှာ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်သွားရပါမယ်။ ကျွန်တော်တို့က ကျွန်တော်တို့ပွဲတွေကို အနိုင်ယူပြီးတော့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ဖိအားတွေ ပေးသွားရပါမယ်။ ဒါက ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် (၆)ပွဲအတွင်းမှာ ကျွန်တော်တို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

မနေ့က လူတန်အသင်းကို ဂိုးပြတ်သမထားနိုင်ခဲ့တဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့မှာတော့ အိမ်ကွင်း အယ်လ်တီဟတ်မှာ ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဒုကျော့ကို ကစားရမှာဖြစ်ပြီး ပကျော့မှာတုန်းက (၃)ဂိုးစီ သရေကျထားတဲ့အတွက် အယ်လ်တီဟတ်မှာ အနိုင်အရှုံးပေါ်အောင် ကစားရပါတော့မယ်။