မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က နှစ်လိုဖွယ်ကောင်းပြီး ထူးခြားဆန်းပြားတဲ့ နည်းပြတစ်ဦး ဖြစ်တယ်လို့ မန်ချက်စတာ စီးတီး အသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာက အမွှမ်းတင် ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်နဲ့ ဂွာဒီယိုလာတို့ နည်းပြနှစ်ဦးဟာ မနေ့ညက ဝင်ဘလေကွင်းထဲ ကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်မှာ ထိပ်တိုက် ဆုံတွေ့ခဲ့ကြပြီး ဒီတစ်ကြိမ် ဆုံတွေ့မှုမှာတော့ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းက ဂွာဒီယိုလာရဲ့ စီးတီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football Transfer

ဂွာဒီယိုလာနဲ့ တန်ဟက်ဂ်တို့ဟာ အခုလို ပြိုင်ဘက်တွေ မဖြစ်ခင်က ဘိုင်ယန်မြူးနစ်အသင်းမှာ အတူတကွ အလုပ်တွဲလုပ်ခဲ့ဖူးပြီး အဲ့ဒီအချိန်က ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ် စီနီယာအသင်းကို ကိုင်တွယ်နေသလို တန်ဟက်ဂ်ကတော့ ဘိုင်ယန် လူငယ်အသင်းကို ကိုင်တွယ်နေခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှသာ တန်ဟက်ဂ်က ယူနိုက်တက်နည်းပြ ဖြစ်လာချိန်မှ ဂွာဒီယိုလာနဲ့ တန်ဟက်ဂ်တို့ကြား မြို့ခံဒါဘီ ပြိုင်ဆိုင်မှုတွေ ရှိလာခဲ့ကြတာဖြစ်ပြီး အခုလည်း ဂွာဒီယိုလာရဲ့ မန်စီးတီးနည်းပြ သက်တမ်းတစ်လျှောက် ပြည်တွင်းဖလားတွေရဲ့ ဖိုင်နယ်ပွဲစဉ်တွေမှာ ဂွာဒီယိုလာကို ပထမဆုံးအကြိမ်အဖြစ် အလဲထိုးနိုင်ခဲ့သူအဖြစ် တန်ဟက်ဂ်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit : TEAMtalk

သူ့ကို အခုလို အနိုင်ယူခဲ့တဲ့ တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ယူနိုက်တက်အသင်းက တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရပါလိမ့်မယ်။ ဒါက ဘာဖြစ်လာမလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူက နှစ်သက်စရာကောင်းတဲ့သူပါ။ ထူးခြားဆန်းပြားတဲ့ နည်းပြတစ်ယောက်။ အက်ဖ်အေဖလား ရရှိဖို့ကလည်း ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့လို သူတို့အတွက်လည်း အရေးကြီးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ (၂)နှစ်တာ ကာလအတွင်း လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတွေ ရယူပေးနိုင်ခဲ့ပြီး ဥရောပဝင်ခွင့်တွေကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေမှာ အသင်းက သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက် ပြန်လည် စဉ်းစားဖွယ် ရှိနေပြီး လာမယ့်ရာသီအတွက် အချိန်ပေးသွားဖို့လည်း ရှိလာနိုင်ပါတယ်။