ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ထူးချွန်တဲ့ ကစားသမားလို့ အမွှန်းတင် ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၅) အဖြစ် နောဝှစ်ချ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ စတာလင်းရဲ့ တကိုယ်တော် ခြေစွမ်းတွေနဲ့အတူ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ပါတယ်။

Photo Credit: Express

နောဝှစ်ချ်ရဲ့ အိမ်ကွင်း Carrow Road Stadiumမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးဟာ နောဝှစ်ချ်ဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး စတာလင်းရဲ့ Perfect Hat-trickနဲ့အတူ ဂိုးပြတ်နိုင်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီးအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၃၁မိနစ် ၊ ၇၀မိနစ်နဲ့ ၉၀မိနစ်တွေမှာ စတာလင်းနဲ့ ပွဲကစားချိန် ၄၈မိနစ်မှာ ဖိုဒန်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက Perfect Hat-trick သွင်းယူနိုင်ခဲ့တဲ့ စတာလင်းကို အထူးတလည် ချီးကျူးသွားခဲ့ပြီး စတာလင်းက လှပတဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်သူ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

Photo Credit: Express

ဂွာဒီယိုလာက – “စတာလင်းက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ နိုင်ပွဲတပွဲကို ယူဆောင်ပေးခဲ့သူပါ။ အထူးသဖြင့် ပထမပိုင်းမှာဆိုရင် သူက အတော်လေး ရုန်းအား ကောင်းကောင်းနဲ့ ကစားပြခဲ့ပါတယ်။ ပြီးတော့ လှပတဲ့ သွင်းဂိုး တဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးမှာ ဆိုရင် သူ့ရဲ့ နေရာယူ ကောင်းမွန်မှုကို ခင်ဗျားတို့ မြင်ကြရမှာပါ။ သူက ကျွန်တော်တို့အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပြီး အမြဲတမ်းလိုလို ထူးခြားတဲ့ အရာတွေကို လုပ်ဆောင်ပေးနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူက ယုံကြည်မှုသာ ပြည့်ဝနေရင် ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေတတ်သူပါ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။