ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန်ကနေ သူတို့အသင်းထံ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး မပါဝင်ဘူးလို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ မန်ချက်စတာ စီးတီးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

ဟာလန်းက မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး အထိ သွင်းယူထားသလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့က အာလင်း ဟာလန်းကို လာမယ့် အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာကြပြီး သတင်းတချို့ကလည်း ဟာလန်းဟာ မန်ချက်စတာ စီးတီးမှာ ၂နှစ် ကစားပြီးရင် အသင်းကနေ စာချုပ်ဖျက်သိမ်းကြေး တရပ်နဲ့ ပြန်လည် ထွက်ခွာခွင့် ရလိမ့်မယ်လို့ ဖော်ပြလာမှုတွေလည်း ရှိနေပါတယ်။

Photo Credit: Goal

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ဟာလန်းရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေတယ် ဆိုတဲ့ ကောလာဟာလ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး ဟာလန်းရဲ့ စာချုပ်ထဲမှာ ဘယ်လို စာချုပ်ဖျက်သိမ်းကြေးမျိုးမှ မပါဝင်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခိုင်အမာ ပြောကြားသွားပါတယ်။

ဂွာဒီယိုလာက – “အဲ့ဒီသတင်းတွေက မမှန်ဘူးဗျ။ (စာချုပ်ဖျက်သိမ်းကြေး ရှိကြောင်း ဖော်ပြထားသော သတင်းများအား ရည်ရွယ်လျက်) ဟာလန်းမှာ ရီးရဲလ်မက်ဒရစ် အပါအဝင် တခြားအသင်းတွေဆီ ပြောင်းနိုင်တဲ့ စာချုပ်ဖျက်သိမ်းခွင့် မရှိပါဘူး။ ဒါက ကျွန်တော် ပြောနိုင်တာ အကုန်ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဂွာဒီယိုလာက ဟာလန်းရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး မပါဝင်ဘူးလို့ ပြောထားပေမယ့် ဖာဘရီဇီယို အပါအဝင် နာမည်ကြီး သတင်းထောက်တွေကတော့ ဟာလန်းရဲ့ စာချုပ်ထဲမှာ ၂နှစ် နေပြီးရင် ပြောင်းရွှေ့ကြေး ယူရို ၁၆၀သန်းနဲ့ စာချုပ် ဖျက်သိမ်းနိုင်တယ် ဆိုတဲ့ အချက်အလက် ပါဝင်နေကြောင်း အခိုင်အမာ ဖော်ပြနေကြပါတယ်။