ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၃-၁ အက်စ်တွန်ဗီလာ ပွဲစဉ်မှာ အသေးစား ဒဏ်ရာတခု ရသွားတဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ယမန်နေ့ည ပွဲစဉ်မှာ မာရက်ဇ် ၊ ဂရီးလစ်ရှ်တို့နဲ့ တွဲဖက်ကာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်ကို ဦးဆောင်လာခဲ့သလို သွင်းဂိုး မသွင်းယူနိုင်ခဲ့ပေမယ့် အသင်းဖော် ဂန်ဒိုဂန်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဟာလန်းက ပထမပိုင်းမှာတင် တဖက် ဂိုးသမားနဲ့ ထိခိုက်ကာ ဒဏ်ရာရသွားတာကြောင့် ဒုတိယပိုင်း အစမှာပဲ အသင်းဖော် အယ်ဗာရက်ဇ်နဲ့ လူစားလဲခဲ့ရပြီး ယခုချိန်အထိ ဟာလန်းက ဘယ်လိုဒဏ်ရာမျိုး ရသွားတာလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် အသေးစား ဒဏ်ရာသာ ဖြစ်ဖို့ ရာခိုင်နှုန်း များနေပါတယ်။

မန်ချက်စတာ စီးတီး ၃-၁ ဗီလာ ပွဲအပြီးမှာတော့ မန်ချက်စတာ စီးတီးနည်းပြ ပပ် ဂွာဒီယိုလာက အာလင်း ဟာလန်းဟာ ဒဏ်ရာတခု ရသွားတာကြောင့် ပထမပိုင်း အပြီးမှာ မသက်မသာ ဖြစ်နေကြောင်းနဲ့ သူတို့က မစွန့်စားချင်တာကြောင့် ဟာလန်းကို ခပ်မြန်မြန် လူစားလဲခဲ့တာ ဖြစ်ကာ ဟာလန်းရဲ့ ကြံ့ခိုင်မှု အနေအထားနဲ့ ပတ်သတ်ပြီး အသေးစိတ် မသိရသေးကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ဂွာဒီယိုလာက – “ဟာလန်းရဲ့ ဒဏ်ရာအကြောင်းကို မသိရသေးပါဘူး။ သူက ဒဏ်ရာတခု ရလာပြီးတော့ မသက်မသာ ဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့က ၃-၀နဲ့ နိုင်နေပြီ ဖြစ်တာကြောင့် ဟာလန်းကို မစွန့်စားခိုင်းတော့ပဲ လူစားလဲခဲ့တာပါ။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို နောက်ရက်တွေမှာ သေချာ စစ်ဆေးသွားပါမယ်။ တကယ်လို့ သူက အာဆင်နယ်နဲ့ ပွဲအတွက် အဆင်သင့် မဖြစ်ရင် နောက်တယောက်ကို သူ့ရဲ့ နေရာမှာ ဝင်ကစားခိုင်းမှာပါ။ သူက အာဆင်နယ်နဲ့ပွဲမှာ တခြား ကစားသမားတွေလိုပဲ ပါဝင် ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးကြည့်ရပါဦးမယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဟာလန်းက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၁ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် သူသာ မပါဝင်နိုင်ခဲ့ရင် မန်ချက်စတာ စီးတီး အတွက် တစ်အား လျော့တယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။