လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ဒီရာသီ ပထမဦးဆုံး အိမ်ကွင်းအဖွင့်ပွဲမှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂရီးလစ်ရှ်ရဲ့ သွင်းဂိုးတွေကို ထပ်မံ မြင်ရဦးမယ်လို့ ပြိုင်ဘက်အသင်းတွေကို သတိပေးခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ စပါးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ယမန်နေ့ညမှာ ကစားခဲ့တဲ့ အိမ်ကွင်းအဖွင့်ပွဲမှာတော့ နောဝှစ်ချ်အသင်းကို ပွဲစ ပွဲဆုံး ဖိအားပေး ကစားခဲ့ကာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲမှာတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ဂရီးလစ်ရှ်ဟာ အတော်လေးကို ကောင်းမွန်တဲ့ ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို အခွင့်အရေး ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ပရိသတ်တွေဟာ ဂရီးလစ်ရှ်ရဲ့ မဆုတ်မနစ် ကစားတတ်တဲ့ ကစားပုံနဲ့ အချိန်တိုအတွင်း အသင်းနဲ့ အသားကျခဲ့တာကို သဘောကျနေကြပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာက ဂရီးလစ်ရှ်ဆီကနေ သွင်းဂိုးတွေကို ထပ်မံ မြင်တွေ့ရဦးမယ်လို့ ဆိုကာ ပြိုင်ဘက်အသင်းတွေကို ကြိုတင် သတိပေးခဲ့ပါတယ်။

Photo Credit: Express

ဂရီးလစ်ရှ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “ဒါက သူ့အတွက် ပထမဦးဆုံး ခြေလှမ်း ၊ အသင်းနဲ့ ပထမဦးဆုံး နိုင်ပွဲပါ။ ဒီသွင်းဂိုးဟာ သူ့ဆီကနေ ရရှိမယ့် သွင်းဂိုးများစွာထဲက ပထမဦးဆုံး သွင်းဂိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ သူက ဘောလုံးနဲ့ ပတ်သတ်ပြီး အတော်လေးကို လောဘကြီးပါတယ်။ ဒီအချက်က အတော်လေးကို ကောင်းပါတယ်။ သူ့ဆီကနေ သွင်းဂိုးတွေ အများကြီး ထပ်ရဦးမယ် ဆိုတာ သေချာပါတယ်။ ပြီးတော့ ကျွန်တော်တို့ကလည်း သူ ဂိုးတွေ အများကြီး သွင်းနိုင်အောင် ကူညီပေးဦးမှာပါ” လို့ ပြောကြားခဲ့တာပါ။