ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာ ၁-၂ မန်ချက်စတာ စီးတီး ပွဲစဉ်အပြီးမှာပဲ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် နိုင်ပွဲ ၁၅၀ကို အမြန်ဆုံး ပြည့်ခဲ့တဲ့ နည်းပြအဖြစ် စံချိန်မှတ်တမ်း ဝင်ခဲ့ကြောင်း သိရပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် နောက်ဆုံး ၂ပွဲဆက် အနိုင်ရရှိထားတဲ့ ဂျာရတ်ရဲ့ ဗီလာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ရာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန် နိုင်ပွဲတပွဲကို ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၇မိနစ်မှာ နောက်ခံလူ ရူဘင်ဒီယက်ဇ်နဲ့ ပွဲကစားချိန် ၄၃မိနစ်မှာ အဓိက ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားတို့က သွင်းယူပေးခဲ့ကြပြီး ဗီလာအသင်း အတွက် သိက္ခာဆည် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၈မိနစ်မှာပဲ တိုက်စစ်မှူး ဝက်စ်ကင်းက သွင်းယူပေးခဲ့တာပါ။

ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဟာ ဂွာဒီယိုလာရဲ့ နည်းပြဘဝမှာ ပရီးမီးယားလိဂ် နိုင်ပွဲ ၁၅၀ပွဲမြောက် ပွဲစဉ်တပွဲ ဖြစ်ခဲ့ပြီး ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၁၅၀ ရရှိဖို့ စုစုပေါင်း ၂၀၄ပွဲသာ အချိန်ယူ နည်းပြခဲ့ရပါတယ်။

Photo Credit: Sky Sports

 

ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၄ပွဲထဲနဲ့ နိုင်ပွဲ ၁၅၀ ပြည့်ခဲ့တာကြောင့် သူ့ရဲ့ မဟာပြိုင်ဘက် မော်ရင်ဟို (၂၃၀ပွဲကစား ၊ ၁၅၀ပွဲနိုင်) ၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နည်းပြကြီး ဖာဂူဆန် (၂၄၇ပွဲကစား ၊ ၁၅၀ပွဲနိုင်) ၊ အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါး (၂၅၈ပွဲကစား ၊ ၁၅၀ပွဲနိုင်) တို့ကို ကျော်ဖြတ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် နိုင်ပွဲ ၁၅၀ကို အမြန်ဆုံး ပြည့်ခဲ့တဲ့ နည်းပြအဖြစ် စံချိန်မှတ်တမ်း ဝင်သွားခဲ့ပါတယ်။