ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ပဲ့ကိုင်ရှင် ပပ် ဂွာဒီယိုလာဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန်နဲ့ တဖက် တဂိုးစီ သရေကျကာ သရေတမှတ် ခွဲယူခဲ့ရတဲ့ ပွဲစဉ်အပြီးမှာတော့ သူ့ရဲ့နည်းပြဘဝမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် ရမှတ် ၅၀၀ စုဆောင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ဆောက်သမ်တန်ရဲ့ စိန့်မေရီကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ဆောက်သမ်တန်ဘက်ကို ပွဲစဉ်တလျှောက်လုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ စတာလင်း ၊ ဂရီးလစ်ရှ်တို့ရဲ့ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် လွဲချော်မှုတွေကြောင့် နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပြီး ၁၀ပွဲဆက် လိဂ်နိုင်ပွဲဆက်မှုကလည်း ရပ်တန့်သွားခဲ့ရပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ ဆောက်သမ်တန်က ပွဲကို စတင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် ၇မိနစ်မှာတင် ညာနောက်ခံလူ ဝေါ်ကာ-ပီတာက ဆောက်သမ်တန် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ကာ မန်ချက်စတာ စီးတီးအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၆၅မိနစ်မှာ အဓိက နောက်ခံလူ လာပေါ့တ်က သွင်းယူပေးခဲ့တာပါ။

ဆောက်သမ်တန်ကို အဝေးကွင်းမှာ သရေကျခဲ့တာကြောင့် မန်ချက်စတာ စီးတီးရဲ့ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပေမယ့် မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာ ကတော့ အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ရမှတ် ၅၀၀ကို အမြန်ဆုံး စုဆောင်းနိုင်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁၃ပွဲ နည်းပြထားချိန်မှာပဲ ရမှတ် ၅၀၀ ပြည့်ခဲ့တာ ဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် ၅၀၀ အမြန်ဆုံး ပြည့်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ထားတဲ့ မော်ရင်ဟိုရဲ့ စံချိန်ကို ၁၈ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ နည်းပြဟောင်း မော်ရင်ဟိုကတော့ ပရီးမီးယားလိဂ် ၂၃၁ပွဲ ကစားပြီးချိန်မှ ရမှတ် ၅၀၀ ပြည့်ခဲ့တာပါ။