အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ပေါလ် မာဆွန်က ကမ္ဘာ့ အကောင်းဆုံးလို့ သတ်မှတ်ခံထားကြရတဲ့ နည်းပြ ဂွါဒီယိုလာ၊ နည်းပြ ဖာဂူဆန်၊ နည်းပြ မော်ရင်ဟို နဲ့ နည်းပြ ဝင်းဂါးတို့ ပေါင်းပြီး အာဆင်နယ်အသင်းကို မကူညီနိုင်ပါဘူးလို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပေါလ် မာဆွန်ဟာ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ အာဆင်နယ် နောက်ခံလူ ကိုလာစီနက်စ်ရဲ့ (၅) ကိုက်အကွာအဝေးအတွင်း ဘောလုံး ပေးပို့မှုကို ဝေဖန်ခဲ့ပြီး တကယ့်၊ တကယ် ညံ့ဖျင်းတဲ့ ဘောလုံး ပေးပို့မှု ဖြစ်တယ်လို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လာကာဇက်ရဲ့ အဖွင့်ဂိုးနဲ့ စတင် ဦးဆောင်ခဲ့ပေမယ့်လည်း နောက်ခံလူ ကိုလာစီနက်စ်ရဲ့ ဘောလုံး ပေးပို့မှုအမှားကနေ ဆွန်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး အယ်လ်ဒါဝီရက်စ်ရဲ့ သွင်းဂိုးကိုပါ ထပ်ပြီး ခွင့်ပြုခဲ့ရတာကြောင့် ရှုံးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စကတည်းက နောက်တန်း အမှားတွေ ပိုများလာခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ပေါလ် မာဆွန်ကတော့ ကမ္ဘာ့ အကောင်းဆုံး နည်းပြ (၄) ဦး ပေါင်းပြီး ဂန်းနားအသင်းကို မကူညီနိုင်ဘူးလို့ ပြောပါတယ်။

Photo Credit: Goal

Sky Sports မှာ ပေါလ် မာဆွန်က “စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တကယ်လို့များ နည်းပြ ဂွါဒီယိုလာက နည်းပြ မော်ရင်ဟို၊ နည်းပြ ဖာဂူဆန် နဲ့ နည်းပြ ဝင်းဂါးတို့နဲ့ ပေါင်းပြီး သူတို့ (၄) ယောက်က နည်းပြ တစ်ဦး ဖြစ်မယ် ဆိုရင်တောင် (၅) ကိုက်အကွာအဝေးအတွင်းမှာ ဘောလုံး မပေးပို့နိုင်တဲ့ နောက်ခံလူ ရှိမယ် ဆိုရင်တော့ ဒုက္ခရောက်မှာပဲ ဖြစ်ပါတယ်။ နည်းပြ တစ်ဦးက လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာ (၅) ကိုက်အကွာအဝေးကို ဘောလုံးပေးပို့မှုတွေ လေ့ကျင့်စေပါတယ်။ လူတိုင်းက ငါတို့ ဒါကို ဘာလို့ လုပ်ရတာလဲ။ ဘယ်သူက (၅) ကိုက်အကွာအဝေးကို ဘောလုံးမပေးပို့နိုင်ဘဲ ရှိမလဲလို့ ပြောကြပါတယ်။ ဒါပေမယ့် ဖြစ်သွားခဲ့ပါတယ်။ ဒါက အာရုံစူးစိုက်မှုပါ။ ဒီတော့ ဒါကို မတွေးရင်တောင် လုပ်နိုင်သွားတယ်။ ဥပမာ မနက်ပိုင်းမှာ သွားတိုက်ရသလိုပါပဲ။ ဒီပေးပို့မှုက တကယ့် တကယ်ကို ညံ့ဖျင်းတဲ့ ပေးပို့မှု ဖြစ်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။