မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက အသင်းတိုက်စစ်မှာ အာလင်းဟာလန်းနဲ့ ယူလီယန်အဲလ်ဗာရက်ဇ်တို့ တိုက်စစ်ကစားသမား နှစ်ဦး အတွဲအဖက်ကို မကြာခဏ အသုံးပြုလာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဒီနှစ်ဘောလုံးရာသီမှ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့ကြတဲ့ အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာလန်းနဲ့ အဲလ်ဗာရက်ဇ်တို့ဟာ နော်တင်ဟမ်အသင်းကို (၆)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နှစ်ဦးလုံး ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဟာလန်းက ဟက်ထရစ် သွင်းယူခဲ့သလို အဲလ်ဗာရက်ဇ်ပါ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဟာလန်းက မန်စီးတီး တိုက်စစ်မှာ ပုံမှန်ကစားခွင့် ရရှိနေပေမယ့် အဲလ်ဗာရက်ဇ်က တစ်ပွဲတစ်လေမှ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရပြီး ပွဲတိုင်းလိုလိုမှာတော့ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက အသင်းတိုက်စစ်မှာ ဟာလန်းနဲ့ အဲလ်ဗာရက်ဇ်တို့ တွဲဖက်ကစားတာကို သဘောကျလို့ လာမယ့် ပွဲတွေမှာ ဒီအတွဲအဖက်ကို ပိုမို အသုံးပြုလာနိုင်ဖွယ်ရှိကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Retik Sports

ဟာလန်းနဲ့ အဲလ်ဗာရက်ဇ်တို့ အတွဲအဖက်နဲ့ ပတ်သတ်ပြီး နည်းပြဂွာဒီယိုလာက “နောက်ဆုံးမိနစ်တွေမှာ အာလင်းနဲ့ယူလီယန်တို့ကို အတူတူ တွဲဖက်မြင်တွေ့ရတာ ဒုတိယအကြိမ်ပါပဲ။ သူတို့ကို အတူတွဲဖက် မြင်နေရတာ ကျွန်တော် သဘောကျမိပါတယ်။ အနည်းငယ် ပိုပြီးတော့ aggressive ဖြစ်တယ်။ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည် သူတို့ကြားက ချိနတ်ဆက်မှု တစ်ယောက်ကို တစ်ယောက်ကလည်း ပြန်ကြည့်ကြတယ်။ သူတို့ရဲ့ ဆက်သွယ်မှုကလည်း တကယ်ကို ကောင်းမွန်လှတယ်။ ဒါကြောင့်ပဲ အာလင်းက ယူလီယန်ဆီကို ပေးပို့မှုတွေ လုပ်ဆောင်သလို ယူလီယန်ကလည်း အာလင်းဆီကို ပေးပို့မှုတွေ လုပ်ဆောင်ပါတယ်။ သူတို့က တစ်ကိုယ်ကောင်းမဆန်ပဲ တစ်ဦးကိုတစ်ဦး ပြန်ကြည့်ကြပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ နော်ဝေ တိုက်စစ်ကစားသမား ဟာလန်းက အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲ ကစားထားပြီးချိန် သွင်းဂိုး စုစုပေါင်း (၁၄)ဂိုးထိ သွင်းယူထားနိုင်ခဲ့သလို အာဂျင်တီးနား တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်ကတော့ ပြိုင်ပွဲစုံ (၈)ပွဲမှာ (၃)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုက International Break ကာလဖြစ်နေတာကြောင့် ဟာလန်းရော အဲလ်ဗာရက်ဇ်ပါ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းလျက် ရှိနေပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာပဲ ဒီကစားသမားနှစ်ယောက်က မန်ချက်စတာဒါဘီပွဲကို ဆက်လက် ဆင်နွဲသွားရမှာပဲ ဖြစ်ပါတယ်။