ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာ ကတော့ ယနေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကို ဘယ်လို ခုခံရမလဲ ဆိုတာ မသိသေးဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သေမင်းတမန် အုပ်စုလို့ တင်စားခံထားရတဲ့ အုပ်စုA အတွင်းမှာ လိုက်ပ်ဇက်အသင်း ၊ ကလပ်ဘရုဂေးအသင်းတို့နဲ့ အတူ ကျရောက်နေကြပြီး အုပ်စုပထမနေရာ ရဖို့ အတွက် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တွေရဲ့ ရလဒ်ပိုင်းတွေဟာ အဓိက ကျနေပါတယ်။

Photo Credit: AS English

ယနေ့ညမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ Parc De Prices ဘောလုံးကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီ ပီအက်စ်ဂျီအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ကလပ်ဘရုဂေးအသင်းကို မထင်မှတ်ပဲ သရေကျထားတာကြောင့် ဒီပွဲကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားလာနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ သုံးဦးစလုံးကို ပိုင်ဆိုင်ထားတာကြောင့် သူတို့သုံးဦးကသာ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်ခဲ့ရင် ဘယ်လို ခံစစ်ကြောင်းကိုမဆို အခက်တွေ့အောင် လုပ်နိုင်ပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာကလည်း ပီအက်စ်ဂျီအသင်းကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို သူ့အနေနဲ့ မစဉ်းစားမိကြောင်း ဖွင့်ဟ ဝန်ခံသွားပါတယ်။

Photo Credit: AS English

ဂွာဒီယိုလာက – “သူတို့ကို တားဆီးဖို့ ကျွန်တော်တို့ ဘာတွေ လုပ်သင့်လဲ။ ကျွန်တော်ကတော့ မသိပါဘူး။ အရိုးသားဆုံး ပြောရရင် သူတို့အသင်းက ပိုင်ဆိုင်ထားတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ဘယ်လို တားဆီးရမလဲ ဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး။ သူတို့က အရမ်းကို ကောင်းပါတယ်။ သူတို့မှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိတယ်။ ဒီတော့ သူတို့ကို ထိန်းချုပ် ကစားဖို့ ဆိုတာက အတော်လေး ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့က ဘောလုံးမရှိတဲ့ အချိန်တွေမှာ သူတို့ရဲ့ တိုက်စစ်ကို အကောင်းဆုံး ခုခံနိုင်ဖို့ လိုပါမယ်။ ပြီးတော့ ကျွန်တော်တို့ ဘောလုံးရထားရင် သူတို့ကို မောပန်းနေအောင် လုပ်နိုင်ရပါမယ်” လို့ ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။