ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ပိုက်ဆံဘယ်လောက်ကုန်ကုန် ရအောင် ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဟာ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့ အတူ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ထိပ်တန်း တိုက်စစ်မှူး ရှိမနေသလို အထောင်တိုက်စစ်မှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကလည်း ဂါဘရီရယ် ဂျီးဆပ် တဦးထဲသာ ရှိနေခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီ အစမှာ စပါးနဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် စပါးဘက်က ဟယ်ရီကိန်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့်သာ ထိပ်တန်း အထောင်တိုက်စစ်မှူး စစ်စစ် မရှိပဲ ယခုနှစ် ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပါတယ်။

မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက အထောင်တိုက်စစ်မှူး စစ်စစ် မရှိချိန်မှာတောင် အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနေပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်သူ အာလင်း ဟာလန်းကို ရအောင် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း မန်ချက်စတာညနေခင်း သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဂွာဒီယိုလာရဲ့ တောင်းဆိုမှုကြောင့် မန်ချက်စတာ စီးတီးက ဟာလန်းကို ရအောင် ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာကြောင်း အတည်ပြုပေးခဲ့ပြီး မန်ချက်စတာ စီးတီးဘက်က ဟာလန်းကို သူ လိုချင်တဲ့ လုပ်ခလစာ ၊ လက်မှတ်ထိုးကြေး ၊ အေးဂျင့်ခ အားလုံးကို ပေးဖို့ ခေါင်းညိတ်ထားကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်း + အေးဂျင့်ခ ယူရို ၇၀သန်း + ၅နှစ်စာ လုပ်ခလစာ ယူရို ၁၅၀သန်း + လက်မှတ်ထိုးကြေး ယူရို ၂၀သန်း ဝန်းကျင်ကို ပေးချေရဖွယ် ရှိကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက တွက်ချက်ထားပါတယ်။