ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ အပိုင်ဂိုးသွင်းခွင့် ၂ကြိမ်ကို လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်းကို ကာကွယ်မှုတွေ ပေးသွားခဲ့ပြီး မကြာခင်မှာ ဟာလန်းရဲ့ ခြေစွမ်းကောင်းတွေကို မြင်တွေ့ကြရလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခု နွေဈေးကွက် အတွင်းမှာပဲ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ပေါင် ၅၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ဒေါ့မွန်မှာ ရှိနေစဉ်က ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူပါ။

Photo Credit: Sports Brief

ဒါကြောင့်ပဲ ဟာလန်းက ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ မန်ချက်စတာ စီးတီးဆီ ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာတော့ သူနဲ့ မန်ချက်စတာ စီးတီး အသင်းဖော်တွေကြားမှာ နားလည်မှုတွေ ရဖို့ အချိန်အတိုင်းအတာ တခုအထိ လိုအပ်နေသေးကြောင်း မြင်တွေခဲ့ရသလို ဟာလန်းရဲ့ အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကိုလည်း သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ဟာလန်းက အသက်အရွယ် ငယ်ရွယ်သေးတာကြောင့် ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ စိတ်လှုပ်ရှားမှု များနေတာကြောင့် အပိုင် ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့ပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ဟာလန်းရဲ့ အပိုင်ဂိုးသွင်းခွင့်တွေအား လွဲချော်ခဲ့မှုအပေါ် စိုးရိမ်မှု မရှိကြောင်းနဲ့ ဟာလန်းဟာ ဒီပွဲမှာ ဂိုးမသွင်းနိုင်ပေမယ့် နောက်ပွဲတွေမှာ ဂိုးသွင်းနိုင်လိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Brief

ဂွာဒီယိုလာက – “ဟာလန်းက ပထမပိုင်းမှာတင် အခွင့်အရေးတွေ ၂ကြိမ် ၊ ၃ကြိမ်လောက် ရခဲ့တယ်။ ပြီးတော့ ဒုတိယပိုင်း ပြီးခါနီးမှာ အခွင့်အရေး တကြိမ် ရခဲ့ပါတယ်။ သူက အခွင့်အရေးတွေကို လွဲခဲ့ပေမယ့် အသင်းအတွက် တိုက်ပွဲဝင်သွားတယ်။ ပြီးတော့ ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ သူက အရှိတရားကို မြင်တွေ့ခွင့် ရလိုက်လို့ ဒါက ကောင်းမွန်တဲ့ အချက်တခုပါပဲ။ ဒါက သူ့အတွက် နိုင်ငံအသစ် ၊ လိဂ်အသစ် တခုပါ။ ဒီနေ့ပွဲမှာ သူက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နောက်နေ့မှာ သွင်းနိုင်ပါလိမ့်မယ်။ သူက ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့ပေမယ့် သူ့ရဲ့ အရည်အသွေးနဲ့ ပတ်သတ်ပြီး သံသယ မဝင်မိပါဘူး။ ဟာလန်းမှာ အရမ်းကို ကောင်းမွန်တဲ့ အာရုံခံနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့က အခုမှ ၂ပတ်ပဲ အတူတူ လေ့ကျင့်ရပါသေးတယ်။ အသင်းရဲ့ ခြေစွမ်းကလည်း အမေရိကန်မှာ ရှိနေတုန်းက အတော်လေး ခြေစွမ်းကောင်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ စိုးရိမ်စိတ်တွေ မရှိပါဘူး။ ကျွန်တော်တို့အတွက် ဘောလုံးရာသီ စပါပြီ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။