ဒီနေ့ည ဝင်ဘလေကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ အက်အေဖလားချန်ပီယံ လက်စတာအသင်းတို့ရဲ့ ရာသီကြို ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးအသင်းဘက်က ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်းနားနဲ့ ဖေးလ်ဖိုဒန်တို့ ဒဏ်ရာပြသာနာတွေကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပဲ အနည်းငယ် အနားယူရဦးမယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Express Tribune

ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ မစတင်ခင် တစ်ပတ်အလိုမှာ နှစ်စဉ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို ဒီနေ့စနေ့ည (၁၀)နာရီ (၄၅)မိနစ်အချိန် ဝင်ဘလေကွင်းအတွင်းမှာ ကျင်းပစေမှာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ မန်စီးတီးအသင်းဘက်က ယူရို-၂၀၂ဝပြိုင်ပွဲကြီးအတွင်း ဒဏ်ရာပြသာနာတချို့ ရရှိခဲ့ကြတဲ့ ဒီဘရိုင်းနားနဲ့ ဖိုဒန်တို့ လွဲချော်သွားရမှာဖြစ်ကြောင်း နည်းပြ ဂွာဒီယိုလာက ပြောဆိုသွားခဲ့သလို အသင်းကို ပေါင်သန်း(၁၀၀)နဲ့ ရောက်ရှိလာခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်ကိုတော့ အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းလာဖွယ် ရှိတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FleshSoccer

မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဒီဘရိုင်းနားဟာ ဘယ်ဂျီယံအသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ကစားနေစဉ်အတွင်း ပေါ်တူဂီနဲ့ ကစားခဲ့ရတဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရရှိထားခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် အခုထိကို အနားယူနေရဆဲဖြစ်ပြီး ခြေထောက်ဒဏ်ရာ ခံစားနေရတဲ့အတွက် လက်စတာနဲ့ပွဲကို လွဲချော်ကြရမှာ ဖြစ်ပါတယ်။ ဒီကစားသမားတွေနဲ့ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက “ဖေးလ်က ရက်ပိုင်းလေးတော့ နည်းရပါဦးမယ်။ သူရဲ့ဒဏ်ရာအခြေအနေကို ကျွန်တော်တို့ဘက်ကနေ ဂရုစိုက်သွားဖို့ လိုအပ်ပါတယ်။ ကယ်ဗင်ကလည်း အနားယူရဦးမှာပါ။ ဒါပေမယ့် သူက ဖေးလ်ထက်တော့ ပိုပြီး ခပ်မြန်မြန် အသင်းနဲ့ ပူးပေါင်းနိုင်ဖွယ် ရှိနေတယ်လို့ ကျွန်တော် ထင်မိတယ်။ အခုအချိန်မှာတော့ နှစ်ယောက်လုံးက နားနေရဦးမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်က ကွန်မြူနတီဒိုင်းပွဲကို လွဲချော်မှာဖြစ်ပေမယ့် ဗီလာကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဂရီးလစ်ရှ်ကိုတော့ ဒီပွဲအတွက် ခေါ်ဆောင်သွားမှာဖြစ်သလို အသင်းအတွက် ပါဝင်နိုင်ဖို့ အဆင့်သင့် မဖြစ်သေးရင်တောင် အရန်လူစာရင်းမှာ ထည့်သွင်းပြီး ပွဲအခြေအနေပေါ် မူတည်ပြီး ကစားခွင့် ပေးသွားမှာဖြစ်တယ်လို့လည်း ဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။