ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူတို့အသင်းရဲ့ ဂျာမဏီ တောင်ပံ ကစားသမား ဆာနေးဟာ သူတို့အသင်းကို ရာသီကုန်မှာ စွန့်ခွာကာ ဘိုင်ယန်မြူးနစ် အသင်းထံကို ပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၄နှစ်အရွယ် ဂျာမန် တောင်ပံ ကစားသမား ဆာနေးဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က မန်စီးတီး အသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့ကာ ရာသီကုန် မှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ် ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဆာနေးကို ခေါ်ယူဖို့အတွက် ဂျာမဏီ ဘွန်ဒက် လီဂါပြိုင်ပွဲရဲ့ အင်အားအကြီးဆုံး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ကြိုးစားနေတာ ဖြစ်ပြီး ယမန်နေ့မှာ ထွက်ပေါ်ခဲ့တဲ့ သတင်း အများစုအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘိုင်ယန်မြူးနစ် အသင်း ဟာ ဆာနေးကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီး အသင်းကို ပြောင်းရွှေ့ကြေး ယူရို၄၈သန်း ပေးချေရမှာ ဖြစ်သလို ဆာနေးကိုလည်း တစ်ပတ် လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ပေးချေကာ ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း သိရှိထားရပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်း နည်းပြဖြစ်သူ ဂွာဒီယိုလာ ကိုယ်တိုင်က ဆာနေးနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ သတင်းဟာ မှန်ကန်မှု ရှိတယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးအသင်းနဲ့ ကစားရမယ့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂွာဒီယိုလာက ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းထံကို ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်းနဲ့ သူဟာ ဆာနေးကို အသင်း မပြောင်းဖို့ ဖျောင်းဖျခဲ့သေးတယ်လို့ ဆိုသွားခဲ့ပါတယ်။ ဆာနေးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ် ပြီး ဂွာဒီယိုလာက ” ဆာနေးရဲ့ အပြောင်းအရွှေ့ ဟာ အပြီးသတ်လုနီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့် အပြီးတော့ မသတ်ရသေးပါဘူး။ ဆွေးနွေးစရာ ကိစ္စရပ်တချို့ ကျန်နေသေးပေမယ့် သူ့ကို ကြည့် ရတာ မြူးနစ်ဆီသွားဖို့ အသင့် ဖြစ်နေပုံပါပဲ။ အနာဂတ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ သူ့ကို ဆုတောင်းပေးနေပါတယ်။ ပြီးတော့ ကျွန်တော် တို့ အတူတူ ရှိခဲ့ကြတဲ့ အချိန်တွေအတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်။ သူဟာ အရမ်း ကောင်းတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘဝ စာမျက်နှာအသစ်ကို ဖွင့်လှစ်ရတော့မှာပါ။ သူ ဟာ အသင်းကနေ ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ လူတိုင်းဟာ သူတို့ရဲ့ ဘဝအတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့် ရှိကြပါတယ်။ ကျွန်တော်ဟာ သူ့ကို အသင်းမှာ ဆက်နေအောင် ကြိုးစားခဲ​့ပါသေးတယ်။ ဒါပေမယ့် သူ့ကို ကြည့်ရတာ ဟိုမှာ ပျော်ရွှင်လိမ့်မယ်လို့ တွေးထားပုံပါပဲ ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။