ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူတို့အသင်းနဲ့ သူ့ရဲ့ မဟာပြိုင်ဘက် ကလော့ပ်ရဲ့ လီဗာပူးတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နာမည်ကျော် ဖလား၃လုံး အောင်ပွဲကို လိုက်မှီနိုင်တဲ့ အသင်းတွေ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေကြသလို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာလည်း ကွာတားဖိုင်နယ် အဆင့်ဆီ အသီးသီး တက်လှမ်းထားနိုင်တဲ့ အသင်းတွေ ဖြစ်ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ နှစ်သင်းစလုံးက ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလား ၊ ချန်ပီယံလိဂ်ဖလားတို့ အားလုံးကို တပြိုင်နက်ထဲ ရယူနိုင်တဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားပြီး ကလော့ပ်ရဲ့ လီဗာပူးဟာ ကာရာဘောင်းဖလားကို ရရှိ ဆွတ်ခူးထားတာကြောင့် လက်ကျန် ဖလားလုပွဲတွေ အားလုံးမှာသာ အနိုင်ရခဲ့ရင် သမိုင်းတလျှောက် ဆုဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်တဲ့ ပထမဦးဆုံး အင်္ဂလန်အသင်း အဖြစ် မှတ်တမ်းဝင်ဖို့လည်း ရှိနေပါတယ်။

မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့ကို ရမှတ် ၁မှတ်ကွာ အနေအထား ကနေ လိုက်လံ ဖိအားပေးနေသလို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာလည်း ကွာတားဖိုင်နယ်ဆီ တက်လှမ်းထားနိုင်တဲ့ ပြိုင်ဘက် လီဗာပူးကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖလား၃လုံး အောင်ပွဲကို သူတို့နှစ်သင်းစလုံးက လိုက်မှီနိုင်ကြောင်းလည်း ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Team Talk

ဂွာဒီယိုလာက – “တကယ်လို့ ယူနိုက်တက်က ဖလား၃လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့ရင် တခြားအသင်းတွေကလည်း သူတို့လိုမျိုး လုပ်ပြနိုင်စွမ်း ရှိပါတယ်။ စံချိန်တခုကို ချိုးဖျက်နေရတယ် ဆိုတာ အတိတ်တုန်းက တစုံတဦးဟာ ဒီလိုမျိုး အလားတူ ဖြစ်ရပ်ကို လုပ်ပြနိုင်ခဲ့လို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နှစ်သင်းစလုံး အတွက် ဖလား ၃လုံးစလုံး ရယူဖို့က ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါက လွယ်ကူတဲ့ ကိစ္စတရပ် မဟုတ်ပေမယ့် ကျွန်တော်တို့ လုပ်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။