ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်အတွင်း စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာပြီးနောက်မှာတော့ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ကာ ယူနိုက်တက်ရဲ့ဖေဖော်ဝါရီတစ်လတာ အကောင်းဆုံးကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ဖာနန်ဒက်စ်က သူရဲ့ကစားသမားဘဝမှာ ပထမဆုံးသော မန်ချက်စတာဒါဘီကို ဆင်နွဲရတော့မှာဖြစ်ပြီး ဒီပွဲမှာလည်း သူရဲ့အကောင်းဆုံးသောခြေစွမ်းတွေနဲ့ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတစ်ခု ထပ်မံပိုင်ဆိုင်ရနိုင်အောင် ကူညီပေးဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အခုလို ယူနိုက်တက်အသင်းမှာ အတော်လေးကို ခြေစွမ်းပြလျက်ရှိနေတဲ့ ပေါ်တူဂီကစားသမားလေးနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ “ကျွန်တော်ဒါတွေနဲ့ပတ်သက်ပြီး အကြိမ်ပေါင်းများစွာလည်း ပြောဆိုခဲ့ပြီးပါပြီ။ ကျွန်တော်တို့အသင်းက လတိုင်းလိုလိုမှာ ကစားသမားဦးရေ သန်းတစ်ထောင်လောက်နဲ့ ချိတ်ဆက်နေသလိုပါပဲ။ ဒါတွေကို ကစားသမားတွေရဲ့အေးဂျင့်တွေဘက်ကနေ ဖန်တီးထားတာလားဆိုတာတော့ ကျွန်တော်သေချာမသိဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့အသင်းကတော့ ဒီကစားသမားရဲ့အေးဂျင့်နဲ့တော့ ဆွေးနွေးတာတွေ မလုပ်ခဲ့ပါဘူး”

Photo Credit : Getty Image

“သူ့ကို ကျွန်တော်ရဲ့စိတ်တိုင်းကျ ကစားသမားပုံစံလို့ ပြောနေကြတဲ့အပေါ်မှာ ကျွန်တော်လုံးဝကို နားမလည်နိုင်ဘူး။ ကျွန်တော်က နောက်ခံကစားသမားတွေကိုပဲ သဘောကျတာ။ အဓိကတော့ အမြင့်ဘောတွေကို ကောင်းကောင်းကစားနိုင်တဲ့သူတွေပေါ့။ သူက ဒီအသင်းနဲ့ ဒီနည်းပြအတွက် လုံးဝကို ပြီးပြည့်စုံနေတဲ့ ကစားသမားတစ်ယောက်ဖြစ်လိမ့်မယ်လို့လည်း ကျွန်တော်မယုံကြည်ပါဘူး။ ဒါပေမယ့်လည်း သူကတကယ်ကောင်းတဲ့ ကစားသမားမျိုးပါ။ ဒါကြောင့်လည်း ယူနိုက်တက်ကနေ သူ့ကိုခေါ်ယူခဲ့တာပေါ့” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို မပြောင်းရွှေ့ခင်တုန်းက သူ့ကိုခေါ်ယူချင်ခဲ့တဲ့ အသင်းတွေထဲမှာ ဥရောပထိပ်သီးအသင်းပေါင်းများစွာ ပါဝင်ခဲ့ပြီး ဒီထဲမှာ မန်စီးတီးအသင်းလည်း ပါဝင်ခဲ့တယ်လို့ မီဒီယာတွေကနေ ဖော်ပြထားခဲ့တဲ့အပေါ် မန်စီးတီးနည်းပြဂွာဒီယိုလာကနေ အခုလို ဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။