ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၆)မှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် ပိုကောင်းတဲ့ အသင်းဟာ အနိုင်ရသွားခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အဖြစ် ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ တပွဲလုံးနီးပါး ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်း ပိုရခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှု ၊ ဘရန့်ဖို့ဒ်ရဲ့ မာကျောတဲ့ ခံစစ်ကြောင်းတို့ကြောင့် သွင်းဂိုးတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Metro

ဘရန့်ဖို့ဒ်ကတော့ အဝေးကွင်းမှာ လာကစားရတဲ့ အသင်းပီပီ အဝေးဘောတွေကိုသာ အဓိကထား အသုံးပြုသွားပြီး သူတို့အသင်းရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်ခဲ့ကာ ဘရန့်ဖို့ဒ် အတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို အဓိက တိုက်စစ်မှူး အိုင်ဗန် တိုနေးက ပွဲချိန် ၁၆မိနစ်နဲ့ ၉၀+၈မိနစ်မှာ သွင်းယူပေးသွားခဲ့တာပါ။

မန်ချက်စတာ စီးတီး အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၄၅+၁မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဖိုဒန်က ထောင့်ကန်ဘော ကနေ လျှံကျလာတဲ့ ဘောလုံးကို အပြင်းကန်သွင်းရင်း သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီး ၁-၂ ဘရန့်ဖို့ဒ် ပွဲပြီးဆုံးချိန်မှာတော့ ဘောလုံးရေးရာ သုံးသပ်သူ တချို့က မန်ချက်စတာ စီးတီးရဲ့ ကစားသမား အများစုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ စိတ်ရောက်နေတာကြောင့် အကောင်းဆုံး ခြေစွမ်းတွေ ထုတ်မပြနိုင်ခဲ့ကြဘူးလို့ ဝေဖန်ခဲ့ကြပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ သူ့ရဲ့ ကစားသမားတွေကို ကာကွယ်ပေးသွားခဲ့ကာ ပိုကောင်းတဲ့ အသင်းဟာ အနိုင်ရလဒ်ကို ယူသွားခဲ့တာသာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

Photo Credit: Metro

ဂွာဒီယိုလာက – “အကောင်းဆုံးအသင်းက အနိုင်ရသွားတာပါ။ ဒါပါပဲ။ ကျွန်တော်တို့က ပွဲစပြီ ဆိုတာနဲ့ ကစားပုံကောင်းဖို့ ရုန်းကန်ခဲ့ရသလို သူတို့ရဲ့ အဝေးဘောတွေကိုလည်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ဘောလုံး ပြန်ရဖို့ သူတို့ကို ဖိအားပေး ကစားခဲ့ပေမယ့် သူတို့က အဝေးဘောတွေကို သုံးတော့ တော်ရုံနဲ့ ဘောလုံး ပြန်မရတော့ပါဘူး။ ဒါက ကွာခြားချက် တခု ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ ဘရန့်ဖို့ဒ်က အတော်လေး ခံစစ်ကို အားပြုပြီး ကစားသွားခဲ့တာပါ။ ကျွန်တော်တို့က ဒီနေ့မှာ ကိုယ့်ရဲ့ ပုံစံကောင်း တခု မရခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က သူတို့ရဲ့ အဝေးဘောတွေကို မကာကွယ်နိုင်ခဲ့လို့ပါ။ ဒီပွဲက အတော်လေးကို ခက်ခဲခဲ့တဲ့ပွဲပါ။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့တာကို လက်ခံရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။