ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက သူ့ရဲ့ နည်းပြဘဝ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၀ ပြည့်ခဲ့တဲ့ ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း နည်းပြတဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ၂၀၁၆ခုနှစ်ထဲက မန်ချက်စတာ စီးတီးအသင်းကို စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းကို ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၁၀ ဦးဆောင်ပေးခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၃ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၄ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ်တို့ကို အရယူထားနိုင်ပါတယ်။

Photo Credit: Metro

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ ပဲလေ့စ်တို့ရဲ့ ပွဲစဉ်ဟာ ဂွာဒီယိုလာရဲ့ နည်းပြဘဝ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၀ ပြည့်ခဲ့တဲ့ ပွဲစဉ်တပွဲ ဖြစ်ပြီး အိမ်ကွင်း အီတီဟတ်မှာ ကစားရတဲ့ ပွဲတပွဲ ဖြစ်သလို ဂွာဒီယိုလာရဲ့ အထိမ်းအမှတ်ပွဲလည်း ဖြစ်တာကြောင့် အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းက သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ဧည့်သည် ပဲလေ့စ်အသင်းကသာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲတပွဲ ရှာဖွေနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ ခြေစွမ်းပိုင်းဟာ ပုံမှန်အောက် ရောက်ခဲ့သလို အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်သူ လာပေါ့တ်ကလည်း ပထမပိုင်း ပြီးခါနီးမှာ ပဲလေ့စ်အသင်းရဲ့ တောင်ပံ ကစားသမား ဇာဟာကို ဆွဲလှဲမိခဲ့တာကြောင့် အနီကတ် ထိခဲ့ပြီး ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဒူးထောက် အရှုံးပေးခဲ့ရတာပါ။

Photo Credit: Metro

ပွဲပြီးဆုံးချိန်မှာတော့ ဂွာဒီယိုလာက သူတို့အသင်း အခုလို ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားကြောင့်သာ ဖြစ်ကြောင်း ဆင်ခြေပေးသွားခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို နားမလည်နိုင်ဘူး လို့ ဝေဖန်သွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဒီနေ့ပွဲမှာ မှားနေတဲ့ အရာတွေက အများကြီးပါ။ ကျွန်တော်တို့ ခပ်စောစောပဲ ပေးဂိုး တဂိုး ခွင့်ပြုခဲ့ရတယ်။ အဲ့ဒီနောက် ကစားပုံ ကောင်းခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာပဲ ကစားသမား တယောက် အထုတ်ခံလိုက်ရပါတယ်။ ပရိသတ်အားနဲ့ ကျွန်တော်တို့ သွင်းဂိုး တဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ လူကျွံနေခဲ့ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ဂျွန်နီ အီဗန်က လာပေါ့တ်လို ပြစ်ဒဏ်မျိုး ကျူးလွန်ခဲ့ပေမယ့် အဝါကတ်ပဲ ထိခဲ့ပါတယ်။ ဒါက ကွင်းလယ်ဒိုင်ရဲ့ အမှားလို့ပဲ ထင်ပါတယ်။ ဒါကို VARရဲ့ အမှားလို့ ပြောလည်း ရပါတယ်။ ကျွန်တော် စည်းမျဉ်းတွေ အကြောင်းကို နားမလည်တော့ပါဘူး။ ဒီလို ဖြစ်ရပ်က လက်စတာနဲ့ပွဲမှာ အဝါကတ် ဖြစ်ပြီး ဒီပွဲကျတော့ အနီကတ် ဖြစ်နေပါတယ်” လို့ ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။